

၆.၆.၂၀၂၆
Written by KL
ဒယ်နီအိုး ကြိုးအပူလွန်ကဲရာမှ နေအိမ် ၄ လုံး မီးလောင်မှု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရွှေကုန်းအုပ်စု၊ ဆည်တွင်းကျေးရွာတွင် ဇွန်လ ၅ ရက် ညနေ ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
“ဒယ်နီအိုးနဲ့ ဟင်းတည်ထားတာ မီးပြတ်သွားတာကို ပလပ်မဖြုတ်ထားမိတော့ မီးပြန်လာချိန်မှာ အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်တာက စလို့ မီးလောင်တာပါ။ အိမ်လေးလုံးမီးထဲပါသွားတယ်။.လူထိခိုက်မှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်တစ်လုံးတွင် စတင်ဖြစ်ပွားခဲ့ပြီး သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ် သုံးလုံးနှင့် တိုက်ခံအိမ်တစ်လုံး စုစုပေါင်း လူနေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၄ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်လေးလုံးမီးလောင်မှုကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်ဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရမည်းသင်းမြို့နယ်၊ ရွာတန်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
