သက်တံ့
၆. ၆. ၂၀၂၅
တရုတ်နိုင်ငံမှ အဆင့်မြင့်နည်းပညာအသုံးပြုထားသည့် ရဲတပ်ဖွဲ့သုံးပစ္စည်းများကို ဝယ်ယူရန် စဉ်းစားနေသော အင်ဒိုနီးရှားနိုင်ငံသည် ပေကျင်းမြို့တွင် ကျင်းပသည့် ရဲတပ်ဖွဲ့သုံးပစ္စည်း အရောင်းပြပွဲတစ်ခုတွင် ဒရုန်းများမှသည် နည်းဗျူဟာမြောက် သံချပ်ကာယာဉ်များအထိ ပါဝင်သော နည်းပညာပစ္စည်း အဝယ်စာရင်းတစ်ခုကို ချပြခဲ့သည်။
ကြာသပတေးနေ့က အဆိုပါပြပွဲတွင် ပြုလုပ်ခဲ့သည့် ဖိုရမ်တစ်ခု၌ ထုတ်ပြန်ခဲ့သော လိုအပ်ချက်စာရင်းအရ အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့သည် ထောက်လှမ်းရေးနည်းပညာ၊ နည်းဗျူဟာမြောက် လက်နက်များ၊ ဗုံးရှင်းလင်းရေးပစ္စည်းများနှင့် အထူးသုံးယာဉ်များ အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းများကို တရုတ်ထံမှ ဝယ်ယူရန် အထူးတလည် စိတ်ဝင်စားနေကြောင်း သိရသည်။
ဤပစ္စည်းအများစုကို ခွဲထွက်ရေးဝါဒီများနှင့် သူပုန်များကို နှိမ်နင်းနေရသည့် အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ “အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ၈၈” (Anti Terror Special Detachment 88) နှင့် “အထူးရဲတပ်ရင်းမိုဘိုင်းတပ်ဖွဲ့” (Mobile Brigade Corps) တို့၏ ပြင်းထန်သော စစ်ဆင်ရေးများကို အထောက်အကူပြုရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် ကြားဖြတ်နားထောင်ခြင်းနှင့် ခြေရာခံခြင်းစနစ်များ၊ အပူလှိုင်းသုံး ပုံရိပ်ဖမ်းစစ်ဆေးရေးဒရုန်းများနှင့် ဗုံးရှင်းလင်းရေးစက်ရုပ်များကဲ့သို့သော ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးပစ္စည်းများကိုလည်း ဝယ်ယူရန် ရှာဖွေနေသည်။
ယင်းအပြင် နည်းဗျူဟာမြောက် သံချပ်ကာယာဉ်များ၊ တိုက်ခိုက်ရေးရိုင်ဖယ်များနှင့် ဦးထုပ်၊ ကျည်ကာအင်္ကျီ ကဲ့သို့သော ကာကွယ်ရေးပစ္စည်းများကိုပါ ဝယ်ယူရန် ရှာဖွေနေသော်လည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းဖြစ်ပစ္စည်းများကိုသာ ဦးစားပေးဝယ်ယူမည်ဖြစ်ကြောင်း အဆိုပါစာရင်းတွင် အလေးအနက် ဖော်ပြထားသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) သည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လာခဲ့ကြခြင်းဖြစ်သည်။
Ref: SCMP
