၆.၆.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အထိ အပူဒဏ်အန္တရာယ်ကြောင့် သေဆုံးသူ (၃) ဦးရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရသူ (၇၄) ဦးရှိခဲ့ကြောင်း၊ လာမည့် ရာသီကာလများတွင် ဖြစ်ပွားနိုင်သည့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် စီမံလျက်ရှိကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဇွန် ၆ ရက်တွင် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၆ နွေရာသီကာလများအနက် ဧပြီလအတွင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် အမြင့်ဆုံးအပူချိန်အဖြစ် ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိခဲ့ပြီး မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ ဆင်ဖြူကျွန်း၊ အောင်လံ၊ ပခုက္ကူ၊ ချောက်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးနှင့် မြင်းခြံမြို့များတွင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့်အထက်တွင် ရှိခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ဇွန်လပထမပတ်အထိ အပူဒဏ်အန္တရာယ်ကြောင့် သေဆုံးသူ (၃) ဦးရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရသူ (၇၄) ဦးရှိခဲ့ကာ အပူဒဏ်အန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ လာမည့် ရာသီကာလများတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍လည်း ကဏ္ဍအလိုက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဌာန/အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များအလိုက် မပြတ်စီမံဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။
အဆိုပါနွေရာသီကာလများတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ချောက်၊ မင်းဘူး၊ စကု၊ အောင်လံ၊ မြို့သစ်မြို့များ၌ မတ်လက စတင်၍ အရိပ်ရအေးမြသောနေရာများ၊ လေဝင်လေထွက်ကောင်းမွန်သောနေရာများ၌ အပူရှောင်စခန်းများ ဖွင့်လှစ်ပြီး လာရောက်ခိုနားသူများကို သောက်ရေသန့်နှင့် အချိုရည်များ တိုက်ကျွေးခြင်း၊ မြန်မာ့ရိုးရာအစားအစာများ ကျွေးမွေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဖြန့်ဝေခြင်း၊ လိုအပ်သော ကျန်းမာရေးဆိုင်ရာများ စောင့်ရှောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပေး နှိုးဆော်ချက်များ၊ လိုက်နာဆောင်ရွက်ရန်များ ထုတ်ပြန်ခြင်း၊ ဆေးရုံ/ဆေးခန်းများ ကျန်းမာရေးဌာနများ၌လည်း အပူဒဏ်ကြောင့် ခံစားရမှုများကို အမြန်ဆုံးကုသစောင့်ရှောက်ပေးနိုင်ရန် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို အသင့်ပြင်ဆင်ဆောင်ရွက်ထားခြင်း၊ ကုသ စောင့်ရှောက်မှုပေးခြင်းတို့ကို သက်ဆိုင်ရာများအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
