◾ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ခံစားနေရသည့် ကမ္ဘာ့ (၁၀) နိုင်ငံထဲတွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ နံပါတ်(၁) အပူချိန်၊ နံပါတ် (၂) လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံစားရနိုင်ခြေများလိမ့်မည်ဖြစ်ကြောင်းပါ သတိပေး
MT News
၆. ၆. ၂၀၂၆
ယခု ၂၀၂၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ အပါအဝင် ဧကပေါင်း ၃၀,၀၀၀ ၌ အပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့က ကျရောက်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ရင်ဆိုင် ကြုံတွေ့နေရပြီး သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်ပေါ် နေကြောင်း၊ နိုင်ငံတကာရာသီဥတု စောင့်ကြည့်လေ့လာမှုအဖွဲ့အချို့၏ ၂၀၂၆ ခုနှစ် ရာသီဥတုဘေး ဖြစ်နိုင်ခြေညွှန်ကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ခံစားနေရသည့် ကမ္ဘာ့ (၁၀) နိုင်ငံထဲတွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ နံပါတ်(၁) အပူချိန်၊ နံပါတ် (၂) လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံစားရနိုင်ခြေများလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူချိန်အမြင့်မားဆုံး စာရင်းဝင်နေသည့် ဒေသဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်က ချောက်မြို့သည် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်စ်၊ ယခုနှစ်တွင် ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိကြောင်း၊ အလားတူ မြေလတ်ဒေသမြို့ကြီး ၁၂ မြို့သည် ၄၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်နှင့်အထက်ရှိကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ဟု ဆိုနိုင်ကြသော်လည်း ယင်းဒေသတွင် သစ်တောသစ်ပင် ကျဲပါးမှုရှိနေသည်မှာအမှန်ပင်ဖြစ်ကြောင်း၊ လေ့လာချက်များအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်းမြန်မာနိုင်ငံ၌ သစ်ပင်မျိုးစုံ ၂၆၉ သန်း ၈ သိန်းကျော် စိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖျင်းအားဖြင့် ဧက ၁ သန်းခန့်နှင့်ညီမျှကြောင်း၊ လူတို့၏ လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် သစ်အသုံးချမှုရှိသော်လည်း စိုက်ပျိုးသည့် သစ်ပင်များ တစ်ပင်စိုက် တစ်ပင်ရှင်စိုက်ခဲ့ပါက သစ်တောသစ်ပင်ဆုံးရှုံးမှုကို အပြည့်အဝ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျ အစီအမံနှင့် အထူးအလေးထား ပေါင်းစပ် ဆောင်ရွက်ကြရန် အထူးပင် လိုအပ်နေပြီဖြစ်သည်ကို သတိပေးမှာကြားလိုကြောင်းလည်း ထည့်သွင်းပြောကြားသည်။





နိုင်ငံတော်အနေဖြင့် ချမှတ်ထားသည့် “ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် ဦးတည်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးကြောင်းကို ပြောလိုကြောင်း၊ ထို့ကြောင့် သစ်တောပြုန်းတီးမှု လျော့ကျစေရေးနှင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ပြည့်မီစေရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများကို နိုင်ငံ့ဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် သဘာဝနယ်မြေ ၆၂ ခု၊ နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်းထိတိုးမြှင့်တည်ထောင် ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတွက် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်သည့် သစ်တောနယ်မြေ၊ သစ်တော နယ်မြေပြင်ပနေရာများနှင့် ကုန်းတွင်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်ရေး၊ ရေကြီးရေလျှံမှု၊ မြေတိုက်စားမှုများမှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံပိုင်စိုက်ခင်း၊ စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေ ရေလဲ စိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း စသည့် စိုက်ခင်းဧကပေါင်း ၁၆၀,၀၀၀ ကျော်၊ အပင်ပေါင်း ၁၂၂ သန်းကျော်ကို စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၆ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ အပါအဝင် ဧကပေါင်း ၃၀,၀၀၀ ၌ အပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့အတူ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပူပိုင်းဒေသ (၁၃) ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်း ဘေးဝဲ/ယာများ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက် ဧရိယာများတွင်ဆက်စပ်ဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း စိုက်ပျိုးနေကြောင်း၊ အလားတူ ကမ်းရိုးတန်းဒေသများတွင် ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း ၁၇၁၅ ဧက၊ အပင်ပေါင်း ၂ သန်း ကျော်ကို စိုက်ပျိုးခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ရေရှည်စီမံချက်များ ရေးဆွဲကာ နှစ်စဉ် ဒီရေတော စိုက်ခင်းများ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ၂၀၂၆ ခုနှစ် မိုးရာသီ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲများကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အပင်ပေါင်း ၅၄,၁၈၀ ကို စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ ယင်းနေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်ရန် တစ်ပင်စိုက်တစ်ပင်ရှင်ဖြစ်ရန် ဆက်လက်လုပ်ဆောင်ရမည့် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း အလေးထားဆောင် ရွက်ကြရန် မှာကြားလိုကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းရာတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့နည်းစေမည့် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တိုးမြှင့်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေ နေထိုင်နိုင်ရေး သဘာဝ ဘေး ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာခြင်း၊ အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်သတိပေးစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်သည့် အလေ့အကျင့်ကောင်းများကို တစ်ဦးတစ်ယောက်ကစပြီး ဌာန၊ အဖွဲ့အစည်းအားလုံး ပါဝင်ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ သို့မှသာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသည့် လူမှုအသိုင်းအဝိုင်းကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်းပြောကြားခဲ့သည်။
