◾ လာမည့် ဇွန် ၈ ရက်တွင် ဖွင့်လှစ်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၂) ထပ် ရင်ခွဲရုံသစ်တွင် ကူညီပေးမည့် ပရဟိတအဖွဲ့များစာရင်း၊ ငွေတောင်းခံပါက တိုင်ကြားရန် ဗီနိုင်း၊ ဝန်ထမ်းများရင်ဘတ်တွင် အမည်ရာထူးတံဆိပ်များတပ်ထားစေခြင်းအပြင် ဝန်ထမ်း (၄) ဦးအား ဌာနပြောင်းရွှေ့ထား
သက်တံ့
၆. ၆. ၂၀၂၆
အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ထုတ်ယူရာတွင် သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေးသို့ သင့်တင့်မျှတသော စရိတ်ဖြင့် သယ်ဆောင်နိုင်ရေး၊ စစ်မှန်သော ပရဟိတအဖွဲ့များ၏ အကူအညီရရှိရေး၊ အကျိုးအမြတ်အတွက်ရည်ရွယ်သော ပရဟိတ taxi များ၊ ကျင့်ဝတ်မညီသော Ambulance များအား ကြီးကြပ်ရေးနှင့် မတရားငွေတောင်းခံခြင်းများ လျော့နည်းပပျောက်ရေးတို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စီစဥ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးတင်ပြထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် ဇွန် ၁ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များ (၅၅) ဦးခန့်တို့နှင့် တွေ့ဆုံကာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် Dead Body တင်ယာဉ်နှင့် လူနာတင်ယာဉ်များအခမဲ့(သို့မဟုတ်) သင့်တင့်သည့် ဈေးနှုန်းဖြင့် ပို့ဆောင်စေရေး တက်ရောက်လာသည့် ပရဟိတအသင်းအဖွဲ့များမှ ပါဝင်ကူညီပါကကူညီပေးမည့် ပရဟိတအသင်း၊ ဆက်သွယ်ရမည့်အသင်းအမည်၊ ပုဂ္ဂိုလ်၊ ဖုန်းနံပါတ်တို့အား ဆေးရုံကြီး၌ ဗီနိုင်းဖြင့် ကပ်ထားနိုင်ရေး ညှိနှိုင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။








ထို့နောက် ဇွန် ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဥ်ထိန်းတပ်ဖွဲ့စုမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်ပေါက်ရှေ့၌ ပြင်ပ Ambulance ယာဥ်များ အကြောင်းမဲ့အချိန်ကြာမြင့်စွာ ရပ်နားထားမှုမရှိစေရေး၊ Ambulance ယာဥ်များမှ အသင်းအဖွဲ့များ မှတ်ပုံတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ပုံမှန်ကြီးကြပ်ပေးနိုင်ရေး ဆေးရုံအထောက်အကူပြုအဖွဲ့တွင် အနီးကပ်ပူးပေါင်းတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
ထို့အတူ လာမည့် ဇွန် ၈ ရက်နေ့မှ စတင်ဖွင့်လှစ်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၂) ထပ် ရင်ခွဲရုံသစ်တွင် ကူညီပေးမည့် ပရဟိတအဖွဲ့များစာရင်းအား မိဘပြည်သူများထံ အသိပေးနှိုးဆော်ချက်ဆိုင်ဘုတ်တပ်ဆင်ထားခြင်း၊ ငွေတောင်းခံပါက တိုင်ကြားရန် ဗီနိုင်းများကပ်ထားခြင်း၊ ဝန်ထမ်းများရင်ဘတ်တွင် အမည်ရာထူးတံဆိပ်များတပ်ထားစေခြင်း၊ ဝန်ထမ်း (၄) ဦးအား ဌာနပြောင်းရွှေ့ထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေး တင်ပြထားသည်။
