MT News
၆. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉)နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) ၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ ကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြသည်။
ဗန်ကောက်ကြေညာစာတမ်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် ဘင်းမ်စတက်အဖွဲ့ကြီးသည် တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုနှင့် မိတ်ဖက်စိတ်ဓာတ်ဟူသော အခြေခံမူများကို လိုက်နာလျက် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။

နှစ်ဆယ့်ကိုးနှစ်တာ ကာလအတွင်း ဘင်းမ်စတက်အဖွဲ့သည် ၎င်း၏ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ခိုင်မာစေရန်နှင့် ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ နိုင်ရန်အတွက် မြဲမြံစွာဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ စုပေါင်းအားထုတ်မှုများသည် အဖွဲ့အစည်း၏ ထိရောက်မှုကို မြှင့်တင်ပေးရုံသာမက ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအတွက် အနှစ်သာရရှိသော ၎င်း၏အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေခဲ့သည်။
လာမည့်နှစ်တွင် ဘင်းမ်စတက်အဖွဲ့တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်မည်ဖြစ်ရာ မိမိတို့ အနေဖြင့် ရရှိခဲ့သည့်အောင်မြင်မှုများကို ပြန်လည်သုံးသပ်၍ ပိုမိုမြင့်မားသော ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရမည်ဖြစ်ပါသည်။ ဘင်းမ်စတက်အဖွဲ့ကို မိမိတို့၏ ပြည်သူများ အတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင် ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်းလည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောကြားသည်။
ထို့အပြင် ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် မိမိတို့ဒေသအတွင်းရှိ ကြီးမားသော အလားအလာများနှင့် ထိုအလားအလာများကို အသုံးချရာတွင် ညီညွတ်မှု၏ အရေးပါပုံကို သတိပြုမိစေရန် နှိုးဆော် ပေးသည့် အချိန်အခါသမယပင် ဖြစ်ပါသည်။ မိမိတို့အားလုံး စုပေါင်း၍ လက်ရှိမျိုးဆက်နှင့် နောင် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကို ဗဟိုပြုသော ဘင်းမ်စတက် အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် တိုက်တွန်းသည်။
