MT News
၆. ၆. ၂၀၂၆
ပြည်ပတင်ပို့နေသောပဲမျိုးစုံမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဥ်ပါက လိုအပ်ချက်ရှိနေသဖြင့် ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင် အဆင်း၊ အရသာ သုံးမျိုးစလုံးကောင်းမွန်နေရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက် ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့သည်။
မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဈေးကွက်ဝင်အရည်အသွေးရှိသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ် တို့အပါအဝင် ပဲအမျိုးမျိုးကို တင်ပို့ရောင်းချရလျက်ရှိကြောင်း၊ ဈေးကွက်ရရှိမှု ပိုမိုခိုင်မြဲစေရေးအတွက် ပဲများ၏ အရည်အသွေး ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်လာအောင် စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲမျိုးစုံသီးနှံများသည် ပြည်တွင်း စားသုံးခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ဖြင့် ဝင်ငွေရရှိပြီး စီးပွားရေးအရ အရေးပါသည့် သီးနှံများ ဖြစ်သည့်အတွက် ဒေသနှင့် သင့်တော်ကိုက်ညီသည့် အထွက်ကောင်းမျိုး၊ ရောဂါဒဏ် ခံနိုင်သောမျိုး၊ ဈေးကွက်ရရှိသည့်မျိုးများကို စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။



လက်ရှိပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသော ပဲမျိုးစုံတို့အနေဖြင့် အရည်အသွေးအားဖြင့် ကောင်းမွန်မှုရှိသော်လည်း အခြားနိုင်ငံများမှ ပဲများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လိုအပ်ချက် ရှိနေသည်ဟုသိရှိရကြောင်း၊ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင် အဆင်း၊ အရသာ စသည့် သုံးမျိုးစလုံးကောင်းမွန်နေရန်လိုကြောင်း၊ ဒေသအလိုက် ရေမြေသဘာဝ တူညီမှုရှိမည် မဟုတ်သဖြင့် အရွယ်အစား၊ အရောင်အဆင်း၊ အရသာများလည်း ကွဲပြား ခြားနားမှုရှိနိုင်မည် ဖြစ်သောကြောင့် ဒေသအလိုက် ကိုက်ညီသည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များကို လည်း ဆက်လက်တိုးချဲ့ ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ စိုက်ဧကတိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပြည်တွင်း ၌သာ စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ဧက အများအပြား ရှိသော်လည်း အထွက်နှုန်း လျော့နည်းလျက်ရှိသည့်ဒေသများသို့ သုတေသန အဖွဲ့များ စေလွှတ်၍ အချိန်ယူ သုတေသနပြု အဖြေရှာဆောင်ရွက်သွားကြရန်လည်း လိုကြောင်း၊ သီးနှံများအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက် များများ ရောင်းချနိုင်ရေး ဆောင်ရွက် သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီးနှံ မျိုးများအား မျိုးစေ့များအလိုက် သုတေသနပြု ထုတ်လုပ်လျက်ရှိမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြပြီး လိုအပ်သည်များကိုလည်း မှာကြားခဲ့သည်။
