◾ BRI ကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်လိုသည့်အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်းပါ ပြောကြား
သက်တံ့
၅. ၆. ၂၀၂၆
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ထိပ်သီးခေါင်းဆောင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့် ကူညီပေးလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ပြောကြားမှုကို ယနေ့ ဇွန်လ ၅ ရက်နေ့တွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပေကျင်းမြို့၌ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေကို ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးခဲ့စဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း နှစ်နိုင်ငံလုံးသည် အတူတကွ ဦးဆောင်ဦးရွက်ပြုခဲ့ကြသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကြီးမြတ်သော မူ ၅ ရပ်ကို ခိုင်မာစွာ လက်ကိုင်စွဲထားပြီး၊ အေးအတူပူအမျှ၊ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၏ စံပြနမူနာကို ထူထောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်သည့် ခေတ်ကာလသစ်သို့ တွန်းအားပေးဝင်ရောက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဝမ်ယိက ယခုနှစ်သည် မြန်မာအစိုးရသစ်၏ ပထမဆုံး အုပ်ချုပ်သည့်နှစ်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ထိပ်သီးခေါင်းဆောင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန် တွန်းအားပေးလိုပြီး၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။
အလားတူ ဝမ်ယိက တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူဝါဒကို အမြဲတစေ ဆုပ်ကိုင်ထားပြီး၊ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားကာ၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” ကို အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်လိုပြီး၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ပြည်သူ့လူနေမှုဘဝနှင့်ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေးလိုကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းပြီး၊ တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း ပြောကြားခဲ့သည်။
အထက်ပါပြောဆိုမှုများအပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံဘက်မှ တိကျသေချာစွာအာမခံပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပြီး နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေမှလည်း တရုတ်-မြန်မာနှစ်နိုင်ငံသည် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်သော ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းကောင်းများဖြစ်သကဲ့သို့ အပြန်အလှန် ယုံကြည်ရသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်များလည်းဖြစ်ကြကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကာလရှည်ကြာစွာ အဖိုးတန်သော ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့ခြင်းအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို မြန်မာဘက်မှ အပြည့်အဝ ထောက်ခံပြီး၊ “One China Policy” ကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားကာ၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေမည့် မည်သည့် “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်ပုံစံဖြင့် ခေတ်မီဖွံ့ဖြိုးဆန်းသစ်မှုသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်ဖြစ်ပါသည်။ မြန်မာအစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ထိပ်သီးခေါင်းဆောင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေးရန် ဆန္ဒရှိပြီး၊ တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများကို ဆက်လက်၍ ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့အစည်း၊ အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်စုံစင်မြင့်ထက်များတွင် တရုတ်နိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ရေး၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
