သက်တံ့
၃.၆. ၂၀၂၆
မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ်တွင် ဇိမ်ခံကားများဖြင့် အရှိန်ပြင်းစွာ အပြိုင်မောင်းနှင်ခဲ့ကြသည့် စင်ကာပူတက္ကသိုလ်ကျောင်းသား ညီအစ်ကိုနှစ်ဦးကြောင့် မော်တော်ယာဉ် ၅ စီး ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၄ ဦးအပါအဝင် လူပေါင်း ၅ ဦး သေဆုံးခဲ့ရသည်။
ဤဖြစ်ရပ်ဆိုးကြောင့် မလေးရှားနိုင်ငံ၏ လမ်းမများပေါ်တွင် ပြည်သူများ ရင်ဆိုင်နေရသော စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနှင့် လမ်းအန္တရာယ်ကင်းရှင်းရေး အားနည်းချက်များကို အများပြည်သူက တစ်ကျော့ပြန် အပြင်းအထန် ဝေဖန်လာကြသည်။
◾ အရှိန်လွန်ရာမှ ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ် ယာဉ်တိုက်မှု
ယာဥ်တိုက်မှုက ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဂျိုဟိုးပြည်နယ် ကလူအန် (Kluang) နှင့် ဆင်ပန်ရန်ဂမ် (Simpang Renggam) ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် BMW 530e ကားနှင့် ၎င်း၏ညီဖြစ်သူ စင်ကာပူတက္ကသိုလ်ကျောင်းသား အသက် ၁၉ နှစ်အရွယ် လူငယ်မောင်းနှင်လာသည့် Mercedes-Benz A250 ကားတို့သည် လမ်းပေါ်တွင် အရှိန်အဟုန်ပြင်းစွာ အပြိုင်မောင်းနှင်လာခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။
ထိုသို့ အပြိုင်မောင်းနှင်စဉ် BMW ကားမှာ ထိန်းချုပ်မှုလွတ်သွားပြီး မျက်နှာချင်းဆိုင်ယာဉ်ကြောထဲသို့ မောင်းဝင်ကာ Perodua Alza၊ Toyota Vios၊ Proton Wira နှင့် အခြား Mercedes-Benz ကားတစ်စီးတို့ကို ဆင့်ကဲဝင်တိုက်မိခဲ့သည်။ ထို့နောက် BMW ကားမှာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် BMW ယာဉ်မောင်းမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ပင် သေဆုံးသွားခဲ့သည်။
◾ အပြစ်မဲ့ မိသားစုတစ်စုလုံး ကြေကွဲစွာ သေဆုံးရရှာ
ဤဖြစ်စဉ်တွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သည်မှာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် Toyota Vios ကားပေါ်က လိုက်ပါလာသူများ ဖြစ်သည်။ ကားပေါ်ပါ မိသားစုဝင် ၄ ဦးစလုံး ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ပြင်းထန်သော ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။ သေဆုံးသူများမှာ မိုဟာမက် အိုင်မန် (၃၆ နှစ်)၊ ၎င်း၏ဇနီး နော် အက်ဇ်လီနာ (၃၃ နှစ်)၊ ယောက္ခမဖြစ်သူ ဆီမက် မတ် ဆိုဟ် (၇၃ နှစ်) နှင့် တူမဖြစ်သူ ၁၀ နှစ်အရွယ် မိန်းကလေးငယ် နူရ် အိုင်းရစ် ရှီဖာတို့ ဖြစ်ကြသည်။
မီးသတ်သမားများ ရောက်ရှိလာချိန်တွင် ကားတစ်စီးအတွင်းမှ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးမှာ ကားပေါ်မှ လွင့်စင်ထွက်သွားပြီး ဇိမ်ခံကားတစ်စီး၏ အမိုးပေါ်တွင် တင်နေသည်အထိ ဖြစ်စဉ်မှာ ပြင်းထန်ခဲ့သည်။ ထို့ပြင် အခြား Perodua Alza ကားပေါ်ပါ အသက် ၁၁ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း ဦးခေါင်းဒဏ်ရာများ ရရှိခဲ့ကြသလို၊ Proton Wira နှင့် အခြားယာဉ်မောင်းများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
◾ သေဆုံးမိသားစု နှစ်ပတ်အတွင်း ကြုံတွေ့ရသည့် ထပ်ဆင့်အပူမီးနှင့် လူထုဒေါသ
သေဆုံးသူ မိသားစုအတွက် ယခုဖြစ်ရပ်မှာ စိတ်နှလုံး အကြေကွဲရဆုံး ဖြစ်ရပ်ဆိုး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်ကမှ မိုဟာမက် အိုင်မန်၏ ဖခင်ဖြစ်သူမှာ အူမကြီးကင်ဆာဖြင့် ကွယ်လွန်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အလှူပွဲတစ်ခုမှအပြန် လမ်းခရီးတွင် မိသားစုတစ်စုလုံး ထပ်မံဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ဤယာဉ်တိုက်မှုသည် မလေးရှားပြည်သူတို့၏ စိတ်ဆိုးဒေါသကို အကြီးအကျယ် ဆွပေးလိုက်သလိုဖြစ်ခဲ့သည်။ မလေးရှားတွင် လူငယ်များ ဇိမ်ခံကားများဖြင့် လမ်းမများပေါ်တွင် မဆင်မခြင် အပြိုင်မောင်းနှင်ကြသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ် မကြာခဏ ပျံ့နှံ့လေ့ရှိပြီး ဥပဒေစိုးမိုးရေးနှင့် အရေးယူမှု အားနည်းချက်အပေါ် ပြည်သူများက ငြီးငွေ့နေကြခြင်း ဖြစ်သည်။ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ယာဉ်တိုက်မှုများကြောင့် တစ်ရက်လျှင် ပျမ်းမျှ လူ ၁၈ ဦးခန့် သေဆုံးနေရသဖြင့် ၎င်းကို “စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခု” အဖြစ် သတ်မှတ်ထားသည်။
မလေးရှား ရဲတပ်ဖွဲ့က အသက် ၁၉ နှစ်အရွယ် Mercedes-Benz ယာဉ်မောင်းလူငယ်ကို ဖမ်းဆီးထိန်းသိမ်းကာ မော်တော်ယာဉ်ကို သိမ်းဆည်းထားသည်။ ၎င်းအား ဆီးစစ်ဆေးချက်ပြုလုပ်ရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း သိရပြီး၊ ရဲတပ်ဖွဲ့က ယခုအမှုကို ၁၉၈၇ ခုနှစ် လမ်းပန်းဆက်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၄၁(၁) (မဆင်မခြင် သို့မဟုတ် အန္တရာယ်ရှိစွာ မောင်းနှင်မှုကြောင့် လူသေဆုံးစေခြင်း) ဖြင့် အမှုဖွင့်ကာ ထိရောက်စွာ စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: SCMP, Mothership






