သက်တံ့
၃. ၆. ၂၀၂၆
အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီ၏ တရားဝင်ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက The Taj Palace, Mumbai တွင် ကျင်းပသည့် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ)သို့ တက်ရောက်အမှာစကားပြောကြားပြီး မွမ်ဘိုင်းမြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံခဲ့သည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်များတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ကမ္ဘောဇလုပ်ငန်းရှင် ဦးအောင်ကိုဝင်းအပါအဝင် နာမည်ကျော် လုပ်ငန်းရှင်ကြီးများက မြန်မာလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ (Myanmar Delegations) အဖြစ် ယနေ့တွင် ပါဝင်တက်ရောက် ဆွေးနွေးနေသည်ကိုလည်း တွေ့ရှိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ သမ္မတဖြစ်အပြီး ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်နေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့ လိုက်ပါခဲ့ကြသည်။ ထို့အပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များက မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားခဲ့ကြသည်။







