၃.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ဟာ ဧပြီလမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စတင်ရရှိခဲ့ကြပြီးနောက်ပိုင်း ဇွန်လ ၃ ရက်မှာတော့ အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုကို ပြုလုပ်ခဲ့ကြပြီး နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
နှစ်ဖက် ရန်လိုမှုတွေမြင့်တက်လာနေချိန်မှာ ဇွန်လ ၂ ရက် ညမှာ အမေရိကန်စစ်တပ်က ခါ့ဒ် (Kharg) ကျွန်းရှိ အီရန်ဆိပ်ကမ်းကို ဦးတည်နေတဲ့ ဘော့ဆွာနာအလံလွှင့်ထူထားသော ရေနံတင်သင်္ဘောတစ်စင်းကို Hellfire ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုက ပစ်ခတ်မှုတွေကို စတင်စေခဲ့ပုံရတယ်ဆိုပါတယ်။ အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ် (CENTCOM) ရဲ့ အဆိုအရ သင်္ဘောက အီရန်ဆိပ်ကမ်းများကို အမေရိကန် ပိတ်ဆို့ထားခြင်းကို မလိုက်နာခဲ့ဘူးဆိုပါတယ်။
အီရန်ကလည်း တုံ့ပြန်တဲ့အနေနဲ့ လိုက်ဘေးရီးယားအလံလွှင့်ထူထားတဲ့ သင်္ဘောတစ်စင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်က ဟော်မုဇ် ရေလက်ကြားအနီး Qeshm ကျွန်းရှိ အီရန်စစ်ဘက် မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ပိုမိုပြင်းထန်တဲ့ တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အီရန်က ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်နဲ့ ဘာရိန်းတို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အီရန်က ဒေသတွင်းရှိ အမေရိကန်လေကြောင်းနှင့် ရဟတ်ယာဉ်စခန်းအမှတ် (၅) နဲ့ ဘာရိန်းရှိ အမေရိကန် အမှတ် (၅) ရေတပ်ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က အမေရိကန်တပ်ဖွဲ့တွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုအားလုံး မအောင်မြင်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး သူ့ဘက်က အီရန်ရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချခဲ့တာ ဒါမှမဟုတ် သူတို့ရဲ့ပစ်မှတ်တွေကို မထိမှန်ခဲ့တာတွေ ဖြစ်သွားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
နှစ်ဖက်ထိခိုက်မှုတွေ ရှိနေပေမယ့် အီရန်မီဒီယာတွေကတော့ အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့နဲ့ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ဖို့ သဘောတူညီချက်ဟာ နောက်အပတ်အတွင်း ရရှိနိုင်မယ်လို့ ယုံကြည်တယ်လို့ ABC News ကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးဟာ မတည်မငြိမ်ဖြစ်နေပြီး အီရန်က ဒီအပတ်အစောပိုင်းမှာ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားသလို အစ္စရေးရဲ့ လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေရင် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ထရမ့်ပ်က အစ္စရေးကို လက်ဘနွန်အပေါ် ထိုးစစ်ဆင်မှုကို လျှော့ချဖို့ ဖိအားပေးခဲ့ပြီး ဇွန်လ ၃ ရက်မှာ နောက်ထပ်ဆွေးနွေးပွဲတွေ ရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်နဲ့ အီရန်ဟာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အကြိမ်ကြိမ် အပြန်အလှန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အီရန်ဟာ ကူဝိတ်၊ ဘာရိန်းနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် အမေရိကန်စစ်စခန်းတွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားတဝိုက်က အီရန်စစ်ရေးပစ်မှတ်တွေအပြင် အီရန်နဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကိုလည်း ပိတ်ဆို့ထားပါတယ်။
Ref- CNN
