၃.၆.၂၀၂၆
Written by Nay Yaung Lin
လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေမှ ထွက်ရှိသော ထွက်ကုန်သီးနှံ စျေးနှုန်းထိန်းညှိရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းက ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အဆိုတင်သွင်းရခြင်း အကြောင်းအရင်းမှာ ဒေသခံပြည်သူများ၊ လယ်သမားများ၏ဘ၀နှင့် အခက်အခဲ၊ ကျေးလက်နေ လူငယ်များ၏ စားဝတ်နေရေးအခက်အခဲများကို တင်ပြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး အဆိုပါလူဦးရေ၏ အများစုသည် လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေလုပ်ကိုင်ဆောင်ရွက်ကြသော တောင်သူလယ်သမားများနှင့် ၎င်းတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို မှီခိုလုပ်ကိုင်နေကြသော လယ်ယာလုပ်သားမိသားစုများဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းက အဆိုတင်သွင်းရတွင် ပြောကြားခဲ့သည်။
“တောင်သူများအတွက် အဓိကအကျဆုံးမှာ သီးနှံထွက်ရှိချိန်မှာ စျေးနှုန်းမျှတကောင်းမွန်ရန် အထူးလိုအပ်ပါတယ်။ အခုကာလ အပြင်ပေါက်စျေးနှုန်းမှာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ဖြစ်ပြီး ၎င်းတန်ဖိုးမရနိုင်တောင်မှ ရွှေငါးမူးသားတန်ဖိုး ကျပ်သိန်း ၅၀ ရနိုင်လျင် တစ်ဧကဝင်ငွေ ညီမျှရန် စျေးနှုန်းတန်းလိုအပ်ပါတယ်။ ဒီအတွက် စပါးတစ်တင်းလျှင် ကျပ်ငါးသောင်း၊ ပဲတစ်တင်းလျှင် ကျပ် နှစ်သိန်း၊ ပြောင်းတစ်တင်းလျှင် ကျပ်ငါးသောင်း စသဖြင့် စျေးနှုန်းရရှိမှသာ စျေးနှုန်းတန်းညီမျှပေလိမ့်မည်။ ဒီစျေးနှုန်းတန်း ညီမျှမှုသည် ရှေးယခင် နှစ် ၅၀ ကာလက သီးနှံစျေး၊ ရွှေစျေးနှင့် နှိုင်းချိန်သော စျေးနှုန်းတန်းဖြစ်ပါတယ်” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။
ထို့ပြင် တောင်သူလယ်သမားများအနေဖြင့် သွင်းအားစုကုန်ကျစရိတ် တစ်နှစ်ထက် တစ်နှစ်မြင့်တက်နေမှုများကို နှစ်စဉ်ကြုံတွေ့နေရပြီး သီးနှံတစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ ကုန်ကျလျက်ရှိကြောင်း၊ ယင်းသွင်းအားစုများအတွက် ငွေလုံးငွေရင်းရှိရန်လိုအပ်ပြီး လယ်ယာစိုက်ပျိုးရေးဘဏ်မှ တစ်ဧက ကျပ်တစ်သိန်းချေးငွေထုတ်ပေးကာ ယခုနှစ်တွင် ကျပ်သုံးသိန်းထုတ်ချေးပေးသော်လည်း မလုံလောက်သဖြင့် လိုအပ်သည့်ငွေကို ပြင်ပငွေချေးသူများထံမှ အတိုးနှုန်းကြီးစွာဖြင့် ချေးယူနေကြရကြောင်း ဒေါက်တာဌေးဝင်းက ပြောကြားခဲ့သည်။
“ယခုအခါကာလတွင် ရွှေငါးမူးသား ကျပ်သိန်း ၅၀ နှင့် တစ်ဧကထွက်နှုန်းများ တန်ဖိုး တန်းမျှဖို့လိုပါတယ်။ ဒီစျေးနှုန်းတန်း ရရှိမှသာ တောင်သူများရဲ့ဘ၀ စားဝတ်နေရေး ချောင်လည်ပေလိမ့်မည်။ သွင်းအားစုကုန်ကျစရိတ်နဲ့လည်း ထေမိမှာဖြစ်ပါတယ်” ဟု ဒေါက်တာဌေးဝင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ်များတွင် ၂၀၂၅-၂၀၂၆ သီးနှံစျေးနှုန်းမှာ စပါးတင်းတစ်ရာစျေးနှုန်း ကျပ်ဆယ်သိန်း၊ ပဲမျိုးစုံ ပျှမ်းမျှတစ်တင်းလျှင် ကျပ်တစ်သိန်းဝန်းကျင်ဖြစ်သဖြင့် တောင်သူများအနေဖြင့် ယခု ၃/၄ နှစ်ကာလအတွင်း အရှုံးကြီးရှုံးနေရကြောင်း၊ ယခုလက်ရှိ သီးနှံစျေးနှုန်းများအတိုင်သာဆိုလျှင် တောင်သူများ အကြွေးပတ်လည်၀ိုင်းကာ အပိုင်လယ်များ၊ ယာခင်းများ ငွေရှင်ကြေးရှင်လက်ထဲ ရောက်တော့မည်ဖြစ်ပြီး နောက်ဆုံးတွင် လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း အဆိုတွင် ပြောကြားထားသည်။
“ဥက္ကဋ္ဌကြီးခင်ဗျာ လယ်သမားချမ်းသာမှ တိုင်းပြည်ချမ်းသာမှာဖြစ်ပါတယ်။ တောင်သူမှီခိုနေသော လယ်ယာလုပ်သားမိသားစု လူငယ်များလည်း လုပ်ခနှုန်းထားနည်း၍ မနက်တစ်နပ်ကို ၅၀၀၀ ကျပ်၊ ညနေ ငါးထောင်ကျပ်ဖြစ်၍ မိသားစုစားဝတ်နေရေး မလောက်ငှမှုကြောင့် ပြည်ပနိုင်ငံများသို့ ထွက်၍ ရရာအလုပ် လုပ်နေကြရပါတယ်။ ယောကျ်ားလေးရော မိန်းကလေးများပါ လူငယ်သန်းနှင့်ချီ၍ သွားရောက်အလုပ်လုပ်ကိုင်နေကြရပါတယ်။ သို့ဖြစ်၍ စပါးသီးနှံ၊ ပဲသီးနှံထွက်ရှိချိန်တွင် မျှတသော၊ ပျမ်းမျှသောစျေးနှုန်းများ ရရှိရန် နိုင်ငံတော်အစိုးရနှင့် စီးပွားကူးသန်းဝန်ကြီးဌာနမှ ဖွဲ့စည်းပေးထားတဲ့ သီးနှံစျေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်ပြီး အထက်ပါအတိုင်း စျေးနှုန်းထိန်းညှိပေးနိုင်မှသာလျှင် မျှတသောစျေးနှုန်းရရှိမည်ဖြစ်ကာ တောင်သူများ၊ မှီခိုမိသားစုများ၊ စားဝတ်နေရေး ချောင်လည်၊ လူတန်းစေ့နေနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း တောင်သူများရဲ့ သီးနှံစျေးနှုန်းပေါ် မူတည်၍ လယ်ယာလုပ်သားများ၏ လုပ်ခနှုန်းထား တိုးမြှင့်ပေးနိုင်မည်ဖြစ်သည့်အတွက်၊ သီးနှံစျေးနှုန်းနိမ့်လျှင် လုပ်အားခ တိုးမြှင့်မပေးနိုင်သည့်အတွက် အထက်ပါစျေးနှုန်းအတိုင်း ထိန်းညှိပေးနိုင်လျှင် ပြည်ပထွက်ခွာအလုပ်လုပ်နေကြရသော လယ်ယာလုပ်သား လူငယ်များကိစ္စလည်း ဖြေရှင်းရာရောက်ပါတယ်” ဟု ဒေါက်တာဌေးဝင်းက ၎င်း၏အဆိုတွင် ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာဌေးဝင်းက “သို့ဖြစ်ပါ၍ တောင်သူများ၏ ထွက်ကုန်သီးနှံစျေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ်၊ ဒီကော်မရှင်အနေနဲ့လည်ံပဲ ကျွန်တော့်အနေဖြင့် တင်ပြလိုတာက သီးခြားလွတ်လပ်၊ သီးခြားတာဝန်ပေးဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ် နိုင်ငံတော်အစိုးရ၊ စီးပွားကူးသန်းဝန်ကြီးဌာနမှ အမြန်ဆုံးဖွဲ့စည်းပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးဝင်း၏ အဆိုကို ကျုံပျော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက တောင်သူလယ်သမားတစ်ရပ်လုံးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်၍ ယင်းအဆိုကို ထောက်ခံကြောင်း တင်ပြခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၆၈၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ် ၃ အရ လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ ဆန္ဒကို ရယူခဲ့ရာ သဘောတူထောက်ခံကြခဲ့ပြီး ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇွန် ၅ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံ၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းကြရန် ပြောကြားခဲ့သည်။



