MT News
၃.၆.၂၀၂၆
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Gateway of India သည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၏ အထင်ကရနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းအစားဆုံး သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သည်။ ၎င်းသည် မွမ်ဘိုင်းမြို့တောင်ပိုင်း Colaba နယ်မြေရှိ အာရေဗျပင်လယ်အော် (Arabian Sea) ကမ်းနားတွင် တည်ရှိသည်။
၁၉၁၁ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဘုရင် ဂျော့ချ် ပဉ္စမ (King George V) နှင့် မိဖုရား မေရီ (Queen Mary) တို့ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းတို့ မွမ်ဘိုင်းဆိပ်ကမ်းသို့ ကုန်းပေါ်တက်လာမည့်နေရာတွင် အမှတ်တရ ဂုဏ်ပြုကြိုဆိုရန်အတွက် ဤအဆောက်အအုံကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အုတ်မြစ်ကို ၁၉၁၁ ခုနှစ်တွင် ချခဲ့သော်လည်း ဗိသုကာဒီဇိုင်း အချောသတ်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၁၅ ခုနှစ်မှ စတင်နိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် လုံးဝပြီးစီးခဲ့ကာ ဖွင့်လှစ်ခဲ့သည်။ ထိုသို့ အင်္ဂလိပ်ဘုရင်ကို ကြိုဆိုရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း တိုက်ဆိုင်စွာပင် ၁၉၄၈ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နောက်ဆုံးကျန်ရှိသည့် ဗြိတိသျှစစ်တပ်အုပ်စု (Somerset Light Infantry) သည် ဤ Gateway of India အောက်မှ ဖြတ်သန်းကာ သင်္ဘောဖြင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ထို့ကြောင့် Gateway of India သည် အိန္ဒိယတွင် ဗြိတိသျှအုပ်ချုပ်ရေး နိဂုံးချုပ်သွားခြင်း၏ ပြယုဂ်လည်း ဖြစ်လာခဲ့သည်။









