နေမိုး
၃. ၆. ၂၀၂၆
ထိုင်းနယ်စပ်တွင်ရှိနေသော တပ်မတော်စခန်းကုန်း ဝေါလေဗျူဟာကို အကြမ်းဖက်လက်နက်ကိုင် KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်သည့် ယမန်နေ့တိုက်ပွဲများအတွင်း လွှတ်တင်သည့် ဒရုန်းတစ်စင်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ပေါက်ကွဲခဲ့သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်) တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင်ရှိ တာ့ခ် (Tak) ခရိုင်အတွင်း အင်္ဂါနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်) မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား သွားရောက်ခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့မှူး Mr. Anusorn Dungkong က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
“မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ခိုက်ရေးဒရုန်းဟု ယူဆရသည့် အဆိုပါဒရုန်းသည် ထိုင်းနယ်စပ်ဘက်ခြမ်းရှိ သစ်ပင်တစ်ပင်ကို တိုက်မိပြီးနောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးနားရှိ ငရုတ်စိုက်ခင်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း Mr. Anusorn က ဆက်လက်ပြောကြားသည်။
ဒဏ်ရာရရှိခဲ့သည့် အခြားမြန်မာနိုင်ငံသားနှစ်ဦးကိုမူ ဆေးဝါးကုသမှုခံယူနိုင်ရန် ဒေသတွင်း ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။
တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်စလုံးသည် တိုက်ပွဲများအတွင်း ဒရုန်းများကို အသုံးပြုလေ့ရှိကြောင်း သိရသော်လည်း ထိုင်းပိုင်နက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အဆိုပါဒရုန်းကို မည်သည့်ဘက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဟု ထိုင်းအာဏာပိုင်များက သံတမန်ရေးအရ ငြင်းချက်ထုတ်သည်။ သို့သော် KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသော်လည်း အမြဲအရေးနိမ့်နေသည့် ယမန်နေ့က တိုက်ခိုက်ခံရသည့် တပ်မတော်စခန်းကုန်း ဝေါလေဗျူဟာမှာ နယ်စပ်မြစ်ဖြစ်သော သောင်ရင်းမြစ်အကွေ့၊ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျွန်းဆွယ်သဏ္ဍာန် ထိုးထွက်နေသည့် မြန်မာနိုင်ငံဘက်ခြမ်း ကုန်းမြေပေါ် ရှိနေခြင်းဖြစ်သဖြင့် စခန်း၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် တောင်ဘက် သုံးဖက်စလုံးမှာ ထိုင်းနယ်စပ်မျဉ်းက ဝိုင်းရံထားသလို ဖြစ်နေသည်။
ထို့ကြောင့် KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝေါလေဗျူဟာကို ထိုးစစ်ဆင်ချိန်တိုင်း ထိုင်းဘက်ကို ဦးတည်ပစ်ခတ် တိုက်ခိုက်နေသည့် အခြေအနေဖြစ်နေသဖြင့် အဆိုပါစစ်သုံးဒရုန်းမှာ တပ်မတော်၏ ဂျမ်မာလိုင်းများကြောင့် လမ်းကြောင်းလွဲကာ ထိုင်းဘက်သို့ရောက်ရှိ ပေါက်ကွဲသဖြင့် မြန်မာလုပ်သားသုံးဦးသေဆုံးရခြင်းဖြစ်ကြောင်းလည်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။
KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝေါလေဗျူဟာကို ယမန်နေ့က တိုက်ခိုက်သဖြင့်လည်း ဒေသခံပြည်သူ ၃၀၀၀ ကျော်မှာ ယာယီစစ်ဘေးရှောင်နေရပြီး ၂၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Ref : Inquirer.net




