၁.၆.၂၀၂၆
Written by Linn Eain
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့ ဇွန် ၁ ရက်က စတင်၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အထက (၆) ဗိုလ်တထောင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့ကျောင်းကတော့ နံနက် ၈ နာရီမှ ကလေးများ စတင်ကျောင်းတက်ပြီး အတန်းငယ်တွေကို နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ကျောင်ဆင်းစေပါတယ်။ အတန်းကြီးတွေကတော့ နေ့လယ် ၂ နာရီမှာ ကျောင်းဆင်းပါတယ်။ ဒီကျောင်းမှာ ကျောင်းသားစုစုပေါင်း ၁၀၀၀ ကျော်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း ၂၇၁၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတည်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်၏ အခမဲ့ထောက်ပံ့မှုအေနဖြင့် သူငယ်တန်း (KG) မှ ပဉ္စမတန်း(Grade 5) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတစ်စုံထောက်ပံ့မည်ဖြစ်ပြီး ဆဋ္ဌမတန်း (Grade 6) မှ ဒွါဒသမတန်း (Grade 12 ) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။









