
သက်တံ့
၃၁. ၅. ၂၀၂၆
မြန်မာနိုင်ငံ၏ IT လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနီးတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့သောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက ဖိတ်ခေါ်ကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် IT နည်းပညာနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြောကြားသည်။
အဆိုပါပြောကြားချက်ကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယကနှင့် အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှုအသင်းချုပ် (FICCI) အတွင်းရေးမှူးချုပ် Mr. A,nant Swa,rup Ji ၊ အိန္ဒိယစက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (CII) မှ Senior Advisor Dr. Vikramjit Singh Sahney Ji ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးမင်းအောင်လှိုင်က မိမိတို့ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အထူးအလေးထားဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲ ဖော်ဆောင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြေဧရိယာ ၁၀,၀၀၀ ဧကခန့်အား ရတနာပုံဆိုက်ဘာစီတီး (ရတနာပုံမြို့သစ်) စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ကြောင့် IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများပင်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အလားတူ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီများသည် ရှေးယခင်ကတည်းက လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေကိုလည်း သိရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံတွင် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
