သက်တံ့
၂၃. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ရောဟီဏီခရိုင်အတွင်း ဒေသတွင်း ဘိန်းဖြူစုံစမ်းစစ်ဆေးမှုတစ်ခုအဖြစ် စတင်ခဲ့ရာမှ ဒေလီ၊ အူတာပရာဒေ့ရှ် (UP) နှင့် မဏိပူရ် (Manipur) ပြည်နယ်များအထိ ဖြန့်ကြက်လှုပ်ရှားနေပြီး မြန်မာနယ်စပ်အထိ ဆက်နွှယ်မှုရှိနေသော ပြည်နယ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးတစ်ခုကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။
လက်ရှိတွင် ကျူးလွန်သူ ၉ ဦးကို ဖမ်းဆီးရမိထားပြီး အိန္ဒိယရူပီး ၁၆ ကုဋေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး) တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းစိမ်းများကို သိမ်းဆည်းရမိခဲ့သည်။ “ဒီလူတွေက နိုင်ငံတကာအဆင့် မူးယစ်ရာဇာတွေပဲ” ဟု ရောဟီဏီခရိုင် ရဲမှူးကြီး (DCP) ရှာရှန့် ဂျိုက်စ်ဝါးလ် က သောကြာနေ့ (မေ ၂၂ ရက်) တွင် ပြောကြားခဲ့သည်။
ပြည်နယ်အသီးသီးသို့ ပြန့်နှံ့နေသော သံသယတရားခံများ၏ ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးသူများက စတင်ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ယခုစစ်ဆင်ရေးသည် တစ်လကျော်ကြာ လည်ပတ်ခဲ့ခြင်းဖြစ်သည်။ “ဒီမှောင်ခိုဂိုဏ်းတစ်ခုလုံးဟာ လည်ပတ်နေတာ ငါးနှစ်ကျော်ပြီ။ ဒါပေမဲ့ (တရားခံ) ဆမီးရ်နဲ့ အာရှစ်တို့ ပါဝင်ပတ်သက်လာတာကတော့ တစ်နှစ်ခန့်ပဲ ရှိပါသေးတယ်” ဟု ဂျိုက်စ်ဝါးလ်က ဆိုသည်။
ပထမဆုံး အဓိက သတင်းရရှိခဲ့မှုမှာ ယခုနှစ် ဧပြီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ပြီး နန်းဒ်နာဂရီ (Nand Nagri) ဒေသမှ အသက် ၂၁ နှစ်အရွယ် ဆမီးရ် အာမက်ကို ဘိန်းဖြူ ၃၀၀ ဂရမ်နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော မော်တော်ဆိုင်ကယ်ကိုလည်း သိမ်းဆည်းခဲ့သည်။ ဆမီးရ်သည် ဆဒါး (Sadar) ဒေသတွင် အလှကုန်ပစ္စည်းများ ပို့ဆောင်ပေးသည့် Delivery သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။
ထိုနေ့မှာပင် အသက် ၂၉ နှစ်အရွယ် အာရှစ် ဆိုနီဆိုသူကို ဂါဇီယာဘတ်ရှိ လိုနီ (Loni) ဒေသတွင် ဖမ်းဆီးခဲ့သည်။ ၎င်းသည် ယခင်က Zepto (ကုန်စုံပစ္စည်းပို့ဆောင်ရေးလုပ်ငန်း) တွင် Delivery Partner အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ “သူက တစ်ရက်ကို ၄၀၀ ရူပီးပဲ ရတာ။ ပိုက်ဆံ ပိုရချင်လို့ မူးယစ်ဆေးဝါးရောင်းသူ ဖြစ်လာတာ” ဟု ဂျိုက်စ်ဝါးလ်က ပြောသည်။
ထို့နောက် စုံစမ်းစစ်ဆေးမှုများအရ နန်းဒ်နာဂရီမှ အသက် ၃၀ အရွယ် မနောဂျ် ဆိုနီဆိုသူကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီး ဧပြီ ၁၈ ရက်တွင် ဘိန်းဖြူ ၅၇ ဂရမ်နှင့်အတူ ဖမ်းဆီးခဲ့သည်။ ၎င်းအား ဆမီးရ်နှင့် အာရှစ်တို့ထံ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးသည့် ပင်မလက်ကားဖြန့်ချိသူအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့သည်။
ထိုမှတစ်ဆင့် ဒေလီမြို့ တီလတ်ခ်နာဂရီ (Tilak Nagar) တွင် မူးယစ်ဆေးဖြန့်ချိနေသူကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ဧပြီ ၂၁ ရက်တွင် အသက် ၃၀ အရွယ် စန္ဒရာ့ကို ဘိန်းဖြူ ၂၇၈ ဂရမ်နှင့်အတူ ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ သူမသည် မိသားစုအလိုက် ဖွဲ့စည်းထားသော မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
သူမ၏ခင်ပွန်းဖြစ်သူ ဗစ်ကီ အာကတ်ရှ်မှာ မူးယစ်ဆေးဝါးမှု (NDPS Case) ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ပြီး ယခင်က ရာဇဝတ်မှု ၁၆ မှုတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည်။ သူမ၏ ယောက္ခမဖြစ်သူ ဆီးမားသည်လည်း မူးယစ်ဆေးဝါးမှုဖြင့်ပင် ထောင်ကျနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မကြာမီ စုံစမ်းစစ်ဆေးမှုများကို အူတာပရာဒေ့ရှ် (UP) ပြည်နယ်အထိ တိုးချဲ့ခဲ့သည်။ မေ ၇ ရက်တွင် စန္ဒရာ့၏ ထွက်ဆိုချက်အရ ဗာရီလီ (Bareilly) ဒေသတွင် အသက် ၅၁ နှစ်အရွယ် မဟ်နက်ဇ် ဘေဇီကို ဘိန်းဖြူ ၅၈ ဂရမ်နှင့်အတူ ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က သူမ(ဘေဇီ)အား ဗာရီလီဒေသ၏ တက်ကြွသော မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးနှင့် ပြည်နယ်ဖြတ်ကျော် ဘိန်းဖြူကွင်းဆက်၏ အရေးပါသော ချိတ်ဆက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
ငါးရက်အကြာတွင် ရှာဂျာဟန်ပူရ် (Shahjahanpur) ၌ ထပ်မံစီးနင်းမှုတစ်ခု ပြုလုပ်ခဲ့ရာ ဘိန်းဖြူ ၅၇၈ ဂရမ် သယ်ဆောင်လာသည့် အသက် ၂၈ နှစ်အရွယ် ယူနွတ်စ်ခန်းကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတွင် ယခင်က မူးယစ်ဆေးဝါးမှု နှစ်မှုရှိခဲ့ဖူးပြီး ပြည်နယ်ဖြတ်ကျော် ဘိန်းဖြူဖြန့်ဖြူးသူကြီးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
မေ ၁၇ ရက်တွင် ရဲတပ်ဖွဲ့သည် ဘာရာဘန်ကီ (Barabanki) ဒေသမှ အသက် ၄၀ အရွယ် ဆာဗီယာကို ဘိန်းဖြူ ၃၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးခဲ့သည်။ ၎င်းသည်လည်း ယခင်က မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်ခဲ့ဖူးပြီး အဆိုပါမှောင်ခိုဂိုဏ်း၏ တက်ကြွသောအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
စစ်ဆေးမေးမြန်းစဉ်အတွင်း ယူနွတ်စ်ခန်းက ၎င်းအနေဖြင့် မဏိပူရ်ပြည်နယ်မှ ဘိန်းစိမ်းများကို ရယူကာ ဒေလီနှင့် မြို့တော်ဝန်းကျင်ဒေသ (Delhi-NCR) များတွင် ဖြန့်ဖြူးရန်အတွက် ၎င်း၏နေအိမ်၌ ဘိန်းဖြူအဖြစ် ချက်လုပ်သန့်စင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
