၂၃.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရှန်ရှီးပြည်နယ်အတွင်း ကျောက်မီးသွေးတွင်းတစ်တွင်းတွင် မေလ ၂၂ ရက်ညက ဓာတ်ငွေ့ပေါက်ကွဲမှု၌ ရှေးဦးသတင်းများအရ သေဆုံးသူ ရှစ်ဦးရှိခဲ့သော်လည်း မေလ ၂၃ ရက်တွင် ထပ်မံရရှိသောသတင်းများအရ သေဆုံးသူ ၉၀ ဦးအထိရှိလာခဲ့ရာ ၁၇ နှစ်အတွင်း နိုင်ငံ၏ အကြီးမားဆုံး သတ္တုတွင်းဘေးအန္တရာယ်ဖြစ်ပွားမှုလည်းဖြစ်ကြောင်း သိရသည်။
ရှန်ရှီးပြည်နယ်ရှိ လျူရှန်ယု ကျောက်မီးသွေးတွင်းတွင် မေလ ၂၂ ရက်နေ့ ည ၇ နာရီ ၂၉ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားစဉ်အချိန်တွင် အလုပ်သမား ၂၄၇ ဦး မြေအောက်တွင် ရှိနေကြောင်း နိုင်ငံပိုင်သတင်းဌာန Xinhua က ပြောကြားခဲ့သည်။
၎င်းတို့အများစုကို မေလ ၂၃ ရက် နံနက်တွင် မြေပေါ်သို့ ပို့ဆောင်ကာပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း အနည်းဆုံး လူ ၉၀ ဦး သေဆုံးခဲ့ကြောင်း Xinhua က ပြောကြားခဲ့သည်။
အရေးပေါ်ဝန်ထမ်း စုစုပေါင်း ၃၄၅ ဦးကို အဆိုပါနေရာသို့ စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူ ကိုးဦးကို အပြင်းအထန် ရှာဖွေနေကြောင်း သတင်းဌာနက ထပ်လောင်းပြောကြားခဲ့သည်။
မေလ ၂၂ ရက်ည အဆိုပါ ပေါက်ကွဲမှုသည် ၂၀၀၉ ခုနှစ်က အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ သတ္တုတွင်းပေါက်ကွဲမှုတွင် လူ ၁၀၈ ဦး သေဆုံးခဲ့သည့်နောက်ပိုင်း တရုတ်နိုင်ငံတွင် အဆိုးရွားဆုံး သတ္တုတွင်းဘေးအန္တရာယ်ဖြစ်သည်။
နိုင်ငံပိုင်မီဒီယာများက မိုင်းတွင်းတွင် အဆိပ်ပြင်းပြီး အနံ့မရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် ကာဗွန်မိုနောဆိုဒ် ပါဝင်မှု ကန့်သတ်ချက်ထက် ကျော်လွန်နေကြောင်း တွေ့ရှိပြီးနောက် လေးဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပိတ်မိနေကြောင်း ကနဦးတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် မိုင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေးသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း တိုးတက်လာသော်လည်း ဘေးကင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လျော့ရဲပြီး စည်းမျဉ်းများ မရေမရာသော စက်မှုလုပ်ငန်းတွင် မတော်တဆမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။
Ref- Xinhua
