၂၀. ၅. ၂၀၂၆
Translated by Thettant
မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် စစ်မီးကြောင့် ဒေသခံများ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသော်လည်း စစ်ဘေးရှောင်လာကြသည့် စားဖိုမှူးများကတော့ သီးနှံရိတ်သိမ်းမှုများ ပျက်စီးနေရသည့် မိခင်ဒေသနှင့် အလှမ်းဝေးရာအရပ်တွင် ဆန်ပြားဖတ်နုနုနှင့် ငါးဟင်းရည်တို့ ပေါင်းစပ်ထားသည့် ဒေသတွင်းရိုးရာအရသာများကို မပျောက်ပျက်အောင် ထိန်းသိမ်းနေကြသည်။
“ကျွန်မ ဆိုင်က အစားအသောက်တွေကို စားသုံးသူတွေ ပန်းကန်ပြားပြောင်အောင် အားပေးကြတာကို မြင်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး” ဟု ၂၀၂၄ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် မရီရီကျော်က AFP သို့ ပြောကြားခဲ့သည်။
“မီးဖိုချောင်ထဲကနေ လှမ်းကြည့်ရင်း စားပြီးလို့ ပိုက်ဆံမပေးဘဲ ပြန်သွားရင်တောင် ကိစ္စမရှိပါဘူးလို့ တွေးမိတဲ့အထိ ဝမ်းသာရပါတယ်” ဟုလည်း သူမက ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုကြောင့် ဖြစ်ပွားလာသည့် မြန်မာ့ပြည်တွင်းစစ်တွင် ရခိုင်ပြည်နယ်သည် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က မြို့သိမ်းစစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ ဆင်းရဲဒုက္ခ အဆိုးရွားဆုံးခံစားရသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တောင်တန်းများနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဝန်းရံထားသည့် ရခိုင် ပြည်နယ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နေရာအနှံ့နီးပါး ထိန်းချုပ်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တပ်မတော်ကလည်း နယ်စပ်တစ်လျှောက် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
ကုလသမဂ္ဂ၏ စာရင်းဇယားများအရ ရခိုင်ပြည်နယ်၏ ပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများကြောင့် ဒေသခံငါးသိန်းနီးပါး (၅ သိန်းခန့်) ပြည်တွင်းရွှေ့ပြောင်းအိုးအိမ်စွန့်ခွာသူများ (IDPs) ဖြစ်ခဲ့ရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အဆိုအရ ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စု သုံးပုံတစ်ပုံကျော်သည် စားနပ် ရိက္ခာမလုံလောက်မှုဒဏ်ကို ခံစားနေရပြီး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကြောင့် အခြေခံစားသောက်ကုန် ပျမ်းမျှကုန်ကျစရိတ်သည် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။
ကုန်းရေနှစ်သွယ်စစ်ဆင်ရေးများကြောင့် ကျယ်ပြန့်လှသည့် ကမ်းရိုးတန်းတစ်လျှောက် ငါးဖမ်းဆီးမှုလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရသလို စပါးစိုက်ပျိုးရေးလုပ်ငန်းများလည်း ပျက်စီးခဲ့ရသည်။
မရီရီကျော် ရောင်းချပေးနေသည့် ရခိုင်ရိုးရာ အစားအစာတစ်ခုဖြစ်သော “ရခိုင်မုန့်တီ” ၏ အဓိကပါဝင်ပစ္စည်းမှာ ဆန်ဖတ်နှင့် ငါးမုန့်ဟင်းခါးချက်သည့် ငါး (သို့မဟုတ်) ငါးသလောက်ကဲ့သို့သော ငါးများဖြစ်ပြီး မန်ကျည်းသီးမှည့်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ဖြင့် အချဉ်၊ အစပ် အရသာရှိလှသော အနှစ်ကို တွဲဖက်ပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း WFP က “မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာပြတ်လပ်မှု အဆိုးရွားဆုံးနေရာ” ဟု သတ်မှတ်ထားသည့် ရခိုင် ပြည်နယ်အတွင်း၌မူ ရိုးရာချက်ပြုတ်နည်းများထက် နေ့စဉ်ဝမ်းရေးအတွက် ရုန်းကန်နေရမှုက ပိုမိုအရေးကြီးနေသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အသက် ၅၁ နှစ်အရွယ် အိမ်ရှင်မ မေပုချေက ငါးပိ စူးစူးနှင့် ငရုတ်သီးထောင်းတို့ဖြင့် ချက်ပြုတ်ထားသည့် ၎င်းတို့ဒေသ၏ ရိုးရာအစားအသောက်များကို အမွှမ်းတင်ပြောကြားခဲ့သည်။
“ရခိုင်စာက အကောင်းဆုံးပဲ။ လူသိများစေချင်တယ်။ လူတိုင်းကို ရခိုင်စာ အရသာ မြည်းစမ်းကြည့်စေချင်တယ်” ဟု သူမက ဆိုသည်။
သူမ၏ စိတ်အားထက်သန်မှုသည် ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲ လက်တွေ့ဘဝများကြောင့် မှေးမှိန်နေရပြီး မိမိအိမ်နောက်ဖေး ဥယျာဉ်မှ ထွက်ရှိသည့် စားသောက်ကုန်များက လုံလောက်မှု မရှိပေ။
“ကျွန်မတို့ တော်တော်ရုန်းကန်နေရတယ်။ ချက်စရာမရှိရင် မချက်ဘူး။ ရှိမှပဲ ချက်စားဖြစ်တယ်” ဟု သူမက ဆိုသည်။
ရန်ကုန်မြို့တွင်မူ မရီရီကျော်သည် ရခိုင်မုန့်တီ သုပ် (မုန့်တီသုပ်) နှင့် အစပ်ငါးဟင်းရည်ပူပူ သို့မဟုတ် မုန့်တီဟင်းရည်သောက်ကို နေ့စဉ် ပန်းကန်လုံးရေ ၂၀၀ ခန့် ရောင်းချနေရသည်။
ကမ်းရိုးတန်းမြို့ဖြစ်သည့် စစ်တွေမြို့ရှိ ၎င်း၏ စားသောက်ဆိုင် နှစ်ဆိုင်ကို ပိတ်ခဲ့ရသော်လည်း မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်ရှိ အလှပြင်ဆိုင်ဟောင်းတစ်ခုတွင် ထိုင်ခုံ ၃၄ ခုံပါဝင်သော စားသောက်ဆိုင်ငယ်လေးကို ဖွင့်လှစ်ကာ ရခိုင်ရိုးရာအရသာကို ဆက်လက်ချက်ပြုတ်ခွင့် ရရှိခဲ့သည်။
အစပ်အရသာကိုတော့ အနည်းငယ်စပ်ရုံမှစ၍ လျှာလိပ်မတတ် အစပ်အထိ စိတ်ကြိုက်ရွေးချယ်နိုင်ပြီး၊ အသား/အဖတ် (ပဲကြော်၊ ဝက်သား သို့မဟုတ် ငါးဖယ်) အပေါ်မူတည်၍ တစ်ပွဲလျှင် ၃,၅၀၀ ကျပ် (၀ ဒသမ ၈၄ ဒေါ်လာခန့်) အထိ ကျသင့်သည်။
ရခိုင်ဒေသ စစ်မှန်သောအရသာအတိုင်း ရရှိရန် ကြိုးပမ်းခဲ့ရသည့်အတွက် ပထမတစ်နှစ်တွင် ဆိုင်မှာ အရှုံးပေါ်ခဲ့သည်။ မိခင်ကမ်းလှမ်းအရပ်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀ ခန့်) ဝေးကွာသော ရန်ကုန်ဈေးကွက်များတွင် ပါဝင်ပစ္စည်းများ ရှာဖွေရသည့် အခက်အခဲကို ပြန်ပြောင်းပြောပြရင်း “စစ်တွေမှာရတဲ့ အရသာအတိုင်း မပြောင်းလဲအောင် ကြိုးစားခဲ့ပေမယ့် နေရာသစ်ဖြစ်တဲ့အတွက် အားလုံးက ကွဲပြားခြားနားနေပါတယ်” ဟု သူမက ဆိုသည်။ “မူလလက်ရာ အရသာမပျက်အောင် ကျွန်မတို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု မရီရီကျော်က ပြောသည်။
ယခုအခါ သူမသည် သစ်သားလက်နှိပ်ပန့်ကြီးဖြင့် ဆန်နှစ်ကို ဆူပွက်နေသော ရေနွေးအိုးထဲသို့ တိုက်ရိုက်ညှစ်ချကာ ကိုယ်တိုင်လုပ် မုန့်တီဖတ်အဖြစ် နာမည်ကျော်ကြားလာခဲ့သည်။
ရခိုင်ပြည်နယ်မှ ထွက်ခွာလာပြီး မိခင်ဒေသသို့ ပြန်ရန် မဖြစ်နိုင်သလောက် ခက်ခဲနေသည့် စစ်ဘေးရှောင် အများအပြားသည် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။
“ကျွန်မတို့ရဲ့ ရခိုင်မုန့်တီကို စားခြင်းအားဖြင့် သူတို့ရဲ့ အိမ်လွမ်းစိတ်တွေကို သက်သာစေမယ်လို့ ယုံကြည်ပါတယ်” ဟု မရီရီကျော်က ဆိုကာ ၎င်း၏ ဆိုင်သို့လာရောက်သည့် စားသုံးသူအများစုမှာ ရခိုင်ဒေသခံများဖြစ်ကြကြောင်း ခန့်မှန်းပြောဆိုသည်။
ရန်ကုန်မြို့၏ အခြားတစ်နေရာတွင်လည်း အသက် ၄၆ နှစ်အရွယ် စားဖိုမှူး ဒေါ်နီနီအောင်သည် လွန်ခဲ့သည့် နှစ်နှစ်က ရခိုင်မှ ပြောင်းရွှေ့လာခဲ့သည့် ၎င်း၏ စားသောက်ဆိုင်တွင် ငှက်ပျောဖတ်ပေါင်း (မုန့်လက်ဆောင်း)၊ လိပ်ကျောက်သုပ်နှင့် ခရုဟင်း စသည်တို့ကို ရောင်းချပေးနေသည်။
သူမ၏ ဆိုင်တွင် ရန်ကုန်မြို့ခံများ အကြိုက်ဆုံး ဟင်းလျာမှာ ဟင်းခတ်အမွှေးအကြိုင် ဆီနီရဲရဲအောက်တွင် ဝက်သားတုံးကြီးများ ပါဝင်သည့် ဝက်သားချက် ဖြစ်သည်။
သို့သော်လည်း သူမကို ဂုဏ်ယူဝင့်ကြွားစေသည်မှာ ရခိုင်ရိုးရာ ဟင်းလျာများပင် ဖြစ်သည်။
ကိုယ်တိုင်စားသုံးခြင်းထက် သူတစ်ပါးကို ချက်ပြုတ်ကျွေးမွေးရသည်ကို ပိုမိုနှစ်သက်သည့် ဒေါ်နီနီအောင်က “ဒေသတွင်း ရိုးရာအစားအသောက်ဆိုတာ ကျွန်မတို့ ဆက်လက်ထိန်းသိမ်းရမယ့် အမွေအနှစ်တစ်ခုပါ။ ရခိုင်စာရဲ့ အရသာတွေကို ရန်ကုန်အထိ ယူဆောင်လာပေးနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့သည်။
Ref : AFP Via MSN
