သက်တံ့
၂၀. ၅. ၂၀၂၆
ဘန်ကောက်မြို့ မက္ကဆန်ဘူတာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရထားနှင့် ဘတ်စ်ကား တိုက်မိမှုဖြစ်စဉ်အတွင်း မီးလောင်သေဆုံးခဲ့သူ ၈ ဦးအနက် ၆ ဦး၏ ရုပ်အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှုခင်းဆေးပညာ တာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
သေဆုံးသူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ကာဆက်ဆာ့တ် တက္ကသိုလ် (Kasetsart University) ကျောင်းသူဟောင်းတစ်ဦး၊ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အိမ်အကူတစ်ဦး၊ မြန်မာနိုင်ငံသားတစ်ဦးနှင့် ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူများ၏ မိသားစုဝင်များက ရုပ်အလောင်းများကို လာရောက်ထုတ်ယူနေကြပြီဖြစ်ပြီး ကျန်ရှိနေသေးသည့် ရုပ်အလောင်း ၂ ခုကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ဒီအန်အေ (DNA) စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်သည်။
သို့သော် ကျန်ရှိ အလောင်းနှစ်ခုအနက် ရုပ်အလောင်းတစ်ခုမှာမူ ယခုထက်ထိ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်ချိတ်ဆက်မိခြင်း မရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မေလ ၁၆ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) ခရိုင်ရှိ မက္ကဆန် လေဆိပ်ရထားလမ်းဆုံ (Makkasan Airport Rail Link) ဘူတာအနီး၊ အာဆုတ်-ဒင်ဒန်း (Asok-Din Daeng) လမ်းပေါ်မှ ရထားလမ်းကူးတွင် လူရှစ်ဦးအထိ သေဆုံးမှုဖြစ်ပွားခဲ့ရသည့် ပြင်းထန်သော ရထားနှင့် ဘတ်စ်ကား တိုက်မှုအပြီး ယာဉ်မောင်းနှစ်ဦးလုံးကို ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုထားပြီးဖြစ်သည်။
အမှုဖွင့်ခံရသူများမှာ ကာဆက်ဆာ့တ် တက္ကသိုလ်မှ မီဂါဘန်နာသို့ ပြေးဆွဲသည့် ယာဉ်လိုင်း ၂၀၆ မှ အသက် ၄၆ နှစ်အရွယ် အဲကွန်းဘတ်စ်ကားမောင်းသူ စုယုန်ပွန် ဆွန်ကူ (Sayomporn Suankul) နှင့် လမ်ချာဘန်း ဆိပ်ကမ်းမှ ဘန်းစုသို့ မောင်းနှင်လာသည့် ကုန်တင်ရထားအမှတ် ၂၁၂၆ မှ အသက် ၅၆ နှစ်အရွယ် ရထားမောင်းသူ လာပစ် သောင်ဘွန် (Lapit Thongboon) တို့ ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးလုံးကို “လူသေဆုံးမှုဖြစ်စေသည့် ပေါ့ဆစွာမောင်းနှင်မှု” ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ ထို့အပြင် ရထားမောင်းသူ လာပစ်မှာ မူးယစ်ဆေးသုံးစွဲထားသလို ရထားမောင်းခွင့်လိုင်စင်လည်း မရှိသဖြင့် သက်ဆိုင်သူများကို စစ်ဆေးအရေးယူနိုင်ရန် ဆက်လက်စိစစ် ဖော်ထုတ်နေကြောင်း သိရသည်။
Ref : Khaosod


