သတိုး
၂၀. ၅. ၂၀၂၆
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုကြောင့် နိုင်ငံတကာသံတမန်ရေးအရ အထီးကျန်ဖြစ်ခဲ့ရပြီးနောက် ၅ နှစ်နီးပါးအကြာတွင် ပူထရာဂျာ (မလေးရှားအစိုးရ) နှင့် နေပြည်တော် (မြန်မာအစိုးရ) တို့သည် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန် ယခုအခါ ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ကာလရှည်ကြာ အေးခဲနေခဲ့သော သံတမန်ရေးရာ ဆွေးနွေးမှုများ ပြန်လည်စတင်လာခြင်းဖြစ်ကာ ယင်းအခြေအနေက သံတမန်များအား အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ပြန်လည်သုံးသပ်လာစေခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို စရီ မိုဟာမက် ဟာဆန်သည် အင်္ဂါနေ့ (မေ ၁၉ ရက်) က နေပြည်တော်သို့ တစ်ရက်တာ အလုပ်သဘောခရီးစဉ်အဖြစ် သွားရောက်စဉ်အတွင်း ၎င်း၏အခြေခံမိတ်ဖက်ဖြစ်သူ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ကျယ်ပြန့်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
“နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အင်္ဂါနေ့က ဖော်ပြထားသည်။
မိုဟာမက်၏ ခရီးစဉ်သည် မေလ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး မကြာမီမှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ခံရသော အစိုးရ၏ အခြေအနေနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံအချို့အကြား အများသဘောတူညီချက်ရရှိရန် ရုန်းကန်ခဲ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို မဲမသမာမှုအတွက် ဖြုတ်ချခံခဲ့ရသည့် အာဏာထိန်းသိမ်းမှု ဖြစ်ပွားကတည်းက အာဆီယံသည် နေပြည်တော်ရှိ တပ်မတော်ဦးဆောင်သောအစိုးရကို အသိအမှတ်မပြုဘဲ သံတမန်ရေးအရ အလှမ်းကွာဝေးအောင် နေခဲ့ခြင်းဖြစ်သည်။
လေ့လာစောင့်ကြည့်သူများက မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ရှင်သန်လာခြင်းသည် နိုင်ငံရေးအရ အပြောင်းအလဲတစ်ခုကို ပြသနေပြီး ယင်းက အရှေ့တောင်အာရှ၏ ဒေသတွင်းသံတမန်ရေးရာပုံစံကို ပြန်လည်ပုံဖော်နိုင်ကာ ကာလရှည်ကြာ နိုင်ငံရေးမငြိမ်မသက်မှုများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံတကာ၏ စောင့်ကြည့်စစ်ဆေးမှုများ ခံနေရသည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး လမ်းခင်းပေးနိုင်လိမ့်မည်ဟု ဆိုကြသည်။
“စီဘူးအစည်းအဝေးမှာ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအပေါ် အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြတဲ့အတွက် အာဆီယံအနေနဲ့ ဒီကွာဟချက်ကို ပေါင်းကူးပေးရမှာပါ။ မိုဟာမက်ရဲ့ ခရီးစဉ်က မလေးရှားအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ပြီဆိုတာ ပြသနေပြီး ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ အခြားနိုင်ငံအချို့ကတော့ (မြန်မာ့ရွေးကောက်ပွဲကို) အသိအမှတ်မပြုကြသေးပါဘူး။ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ အသစ်တစ်ဖန် ပြန်လည်ထိတွေ့ဆက်ဆံဖို့ လိုအပ်နေပါပြီ” ဟု ဘန်ကောက်အခြေစိုက် ပထဝီနိုင်ငံရေးလေ့လာဆန်းစစ်သူ ကာဗီ ချောင်ကစ်တာဗွန် (Kavi Chongkittavorn) က ဘာနားမား (Bernama) သတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ အမျိုးသားရွေးကောက်ပွဲများအပြီး ကာလရှည်ကြာဖြစ်ပွားနေသည့် မြန်မာ့အကျပ်အတည်းကို သင့်မြတ်သော စေ့စပ်ညှိနှိုင်းမှုတစ်ခု ရရှိစေရန်အတွက် အာဆီယံအနေဖြင့် မြန်မာခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံပွဲတစ်ခု ကျင်းပနိုင်ရေး လမ်းခင်းပေးသင့်သည်ဟု ဆိုသည်။
လွန်ခဲ့သည့်နှစ်က မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် အာဆီယံ-မြန်မာ နိုင်ငံရေးပိတ်ဆို့မှုကို အဆုံးသတ်ရန်နှင့် နိုင်ငံ၏ အချို့သောနေရာများတွင် ပြင်းထန်စွာဖြစ်ပွားနေသည့် ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ရန် မနားမနေ ကြိုးပမ်းခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ ပြည်တွင်းပဋိပက္ခများနှင့် ပြီးခဲ့သည့်နှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသော နိုင်ငံအတွင်းသို့ အရေးကြီးသည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ပြုနိုင်ရန် ဖြစ်သည်။
ကုလသမဂ္ဂ၏ ပြောကြားချက်အရ အာဏာထိန်းသိမ်းပြီးကတည်းက ဖြစ်ပွားနေသော အကျပ်အတည်းများကြောင့် လူပေါင်း ၃ ဒသမ ၃ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး လူပေါင်း ၅,၀၀၀ အထက် အသက်ဆုံးရှုံးခဲ့ရသည်။
လေ့လာစောင့်ကြည့်သူများက လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိခြင်းသည် ဒေသတွင်းတည်ငြိမ်မှုအတွက် အရေးပါသည်ဟု ယုံကြည်ကြသည်။
Ref : Bernama Via malaymail & MOFA



