




နေမိုး
၂၀. ၅. ၂၀၂၆
မနေ့ကတစ်နေ့တည်းမှာ တပ်မတော်စစ်ကြောင်းတွေက မြန်မာ – ထိုင်းနယ်စပ်မြို့က မောတောင်အပြင် ချင်းပြည်နယ်ဘက်မှာလည်း တွန်းဇံမြို့ကို သိမ်းနိုင်ခဲ့လို့ Chinland Council အဖွဲ့ဝင် ချင်း PDF အများအပြား သေဆုံးအထိနာခဲ့ရတယ်လို့ ကနဦး သိရပါတယ်။
ဖလမ်း၊ ကနေဒီတောင်ဘက်မှာ AA နဲ့ NUG ဩဇာခံတဲ့ Chin Brotherhood အဖွဲ့ဝင် ချင်း PDF အများအပြား သေပြီးတဲ့နောက်မှာ ချင်းအမျိုးသားတပ်မတော် (CNA) ၊ CDF တွန်းဇံ၊ R-CDF နဲ့ Zo Army စတဲ့ တွန်းဇံမြို့ကို ထိန်းချုပ်ထားတဲ့ Chinland Council အဖွဲ့ဝင် ချင်း PDF တွေ အလှည့်ကျခဲ့တာဖြစ်ပြီး တပ်မတော်ထိုးစစ်အောက်မှာ မေလ ၁၈ ရက်ကတည်းက ထွက်ပြေးနေကြရာက မနေ့က မေလ ၁၉ ရက်မှာတော့ မြို့ပေါ်က လုံးဝ ထွက်ပြေးကုန်ကြရတာပါ။
တပ်မတော်နဲ့ ZRA (ဇိုမီးတော်လှန်ရေးတပ်မတော်) ပူးပေါင်းတပ်တွေဟာ မေလ ၁၁ ရက်ကစပြီး တီးတိန်နဲ့ ကျီခါးဘက်ကနေ စစ်ကြောင်းနှစ်ဖက်ညှပ်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်လို့ စစ်ဆင်ရေးဟာ တစ်ပတ်ကျော်ပဲကြာခဲ့ပြီး တပ်မတော်ရဲ့ မြေပြင် ဝေဟင်ထိုးစစ်မှာ မေလ ၁၃ ရက်မှာ ဒရုန်းနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ခဲ့ပြီး မေလ ၁၇ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။
တွန်းဇံမြို့ကို ချင်းလက်နက်ကိုင်တွေက ၂ဝ၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က စတင်ထိန်းချုပ်ခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာတော့ တပ်မတော်ရဲ့ ထိုးစစ်ရှစ်ရက်နဲ့ လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲ စစ်ရေးအရှိန်မြှင့်နေတဲ့ တပ်မတော်ဟာ ဖလမ်းမြို့ကို ဧပြီ ၂၅ ရက်၊ ကနေဒီတောင်ကို မေလ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နှစ်ပတ်အကြာမှာ တွန်းဇံမြို့ကိုပါ ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်ပါတယ်။
မောတောင်မြို့ကို သိမ်းစဥ်မှာ KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ အလောင်း ၂၄ လောင်းကို ပြန်မဆွဲနိုင်ဘဲ ချန်ထားခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပြီးဖြစ်ပေမဲ့ မေလ ၁၉ ရက် ညနေဘက်ကြမှ အပြီးသတ်သိမ်းနိုင်တဲ့ တွန်းဇံမြို့သိမ်းဖြစ်စဥ်ကိုတော့ လက်ရှိအချိန်အထိ သတင်းမထုတ်ပြန်သေးပါဘူး။
