၂၀.၅.၂၀၂၆
Written by Linn Eain
တရုတ်- မြန်မာနှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်တွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား မေ ၁၉ ရက်က ပြည်သူ့လွှတ်တော်တွင် လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး လာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုလျက်ရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ထောင်ရေးလုပ်ငန်းများကို ထောက်ခံပြီး တရုတ်-မြန်မာနှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက်တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တရုတ်နိုင်ငံ သံအမတ်ကြီးက ယခုနှစ်တွင် စတင်မည့် (၁၅) ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ၅ နှစ် စီမံကိန်း(၂၀၂၆-၂၀၃၀)နှင့်အညီ ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့်ပြီး တရုတ် – မြန်မာနှစ်နိုင်ငံအကြား အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ကြောင်း၊ ဆက်လက်ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးပိုမို နက်ရှိုင်းစွာတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
