၂၀.၅.၂၀၂၆
Translated by Htwe Ko Tun
ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရတ်ဗ်ကော့ဗ်သည် TASS သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းပွဲ တစ်ခုတွင် အီရန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ၏ ကြီးကြပ်မှုအောက်တွင် နျူကလီယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်နှင့် အသုံးချနိုင်သည်ဟု မေလ ၁၉ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံ၏ လက်ရှိအသစ်ခေါင်းဆောင်မှုအပိုင်းကလည်း ၎င်း၏ရှေ့က ခေါင်းဆောင်များကဲ့သို့ပင် နျူကလီးယား လက်နက်များ မပိုင်ဆိုင်ရေး တာဝန်ဝတ္တရားကို ဆက်လက်လိုက်နာထမ်းဆောင်နေကြောင်း ဆာဂျီ ရတ်ဗ်ကော့ဗ်က ပြောကြားခဲ့ကြောင်းသိရသည်။
“ဘယ်သူကမှ အီရန်အစ္စလာမ်သမ္မတနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေ ရှိသင့်တယ်လို့ ငြင်းခုံနေတာမရှိပါဘူး။ ဒီအချက်ကို အီရန်နိုင်ငံရဲ့ယခင်နဲ့ အခုခေါင်းဆောင်တွေကလည်း အမြဲလက်ခံကြပါတယ်” ဟု ဆာဂျီ ရတ်ဗ်ကော့ဗ်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ် (NPT) သည် ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး အီရန်ဘက်က မည်သည်အချိန်ကမျှ မစွန့်လွှတ်ခဲ့သော သက်ဆိုင်ရာတာဝန် ဝတ္တရား အားလုံးကို ချမှတ်ထားသည်ဟု မှတ်ချက်ပြုခဲ့သည်။
ဆက်လက်၍ ရတ်ကော့ဗ်က “တစ်ချိန်တည်းမှာ NPT ဟာ ယူရေနီယမ် ကြွယ်ဝမှုအပါအဝင် ဘယ်လိုကန့်သတ်ချက်မှ မရှိဘဲ IAEA ရဲ့ ကြီးကြပ်မှုအောက်မှာ အီရန်ကို ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်ကို အသုံးပြုခွင့်ပေးတယ်” အလေးပေးပြောကြားခဲ့သည်။
၎င်းက “ဒီအခွင့်အရေးက ထာဝရတည်ရှိနေမှာပါ။ လွှဲပြောင်းလို့မရပါ။ ဒါကိုဘယ်လိုပြင်ပက အခွင့်အရေးယူတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့မှ တားဆီးလို့ မရပါဘူး။ အီရန်ပြည်သူတွေကသာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားတွေအပေါ် အခြေခံပြီး ဒါကို ဘယ်လိုစနစ်တကျ ကျင့်သုံးမလဲ ဆုံးဖြတ် ကြရမှာပါ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
Ref : Tass
