◾ ထိုင်ဝမ်အရေးက ထိပ်သီးဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာဖြစ်မည်
၁၁.၅.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ မေလ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်ချစ်ကြည်ရေး ခရီးစဉ်လာရောက်မှာ ဖြစ်တယ်လို့ ပေကျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါက ကိုးနှစ်နီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦးရဲ့ တရုတ်နိုင်ငံကို ပထမဆုံးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံ အကြား ပြဿနာအမျိုးမျိုးနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ ခရီးစဉ်က ခိုင်မာမှုမရှိတဲ့ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်စေပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနေတဲ့ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတာတို့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အစောပိုင်းမှာ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးအတွင်းရေးမှူး အန်နာကယ်လီက ထရမ့်ပ်ဟာ မေလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ ပေကျင်းကို အလွန်အရေးပါတဲ့ ခရီးစဉ် အဖြစ် ရောက်ရှိမယ်လို့ မေလ ၁၀ ရက်က ပြောခဲ့ပါတယ်။
ကယ်လီရဲ့ အဆိုအရ အမေရိကန်သမ္မတ ထရမ့်ပ်ဟာ မေလ ၁၄ ရက်၊ ကြာသပတေးနေ့မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့အတူ ကြိုဆိုပွဲအခမ်းအနားနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး ဒီနောက်မှာ ပေကျင်းမြို့ရှိ ကောင်းကင်ဘုံကျောင်းတော်သို့ သွားရောက်လည်ပတ်ကာ နိုင်ငံတော်ညစာစားပွဲကို တက်ရောက်မယ်လို့ ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ မေလ ၁၅ ရက်မှာတော့ နှစ်ဖက် လက်ဖက်ရည်သောက်ပွဲနဲ့ အလုပ်သဘော နေ့လယ်စာစားပွဲတို့မှာ ထပ်မံတွေ့ဆုံကြမယ်လို့ သူမက ပြောကြားခဲ့ပြီး အမေရိကန်သမ္မတက ယခုနှစ်နှောင်းပိုင်းမှာ တရုတ်ခေါင်းဆောင်ကို အမေရိကန်ဆီ အပြန်အလှန်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ခရီးစဉ်မတိုင်မီ နောက်ဆုံးအဆင့် ညှိနှိုင်းမှုအနေနဲ့ မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်စ်ဆန့်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ တောင်ကိုရီးယားသို့ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန် သွားရောက်မယ်လို့ နှစ်ဖက်စလုံးက မေလ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ဆွေးနွေးပွဲတွေကို ဘူဆန်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးနဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ ခေါင်းဆောင်နှစ်ဦး ရရှိခဲ့တဲ့ အရေးကြီးတဲ့ သဘောတူညီချက်နဲ့ အခြေခံကျင်းပမှာပါ။ ဆွေးနွေးပွဲမှာ အပြန်အလှန်စိုးရိမ် ပူပန်မှုရှိတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းသွားမယ်လို့လည်း တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ တင်းမာမှုတွေဟာ ရှီ-ထရမ့်ပ် ထိပ်သီးအစည်းအဝေးမတိုင်မီ ရက်အနည်းငယ်အတွင်း ပြန်လည်မြင့်တက်လာခဲ့ပြီး အီရန်ကိုပစ်မှတ်ထားတဲ့ အမေရိကန်-အစ္စရေး ပဋိပက္ခဟာ နှစ်လကျော်ကြာ ဖြစ်ပွားခဲ့ချိန်မှာတော့ အဓိကအချက်အဖြစ် တရုတ်အစိုးရနဲ့ အီရန်အစိုးရအကြား ဆက်ဆံရေး ပေါ်ပေါက်လာခဲ့ပါတယ်။
အမေရိကန်က တရုတ်ပြည်မကြီးမှ ကုမ္ပဏီကိုးခု၊ လူပုဂ္ဂိုလ်တွေနဲ့ ဟောင်ကောင်ကုမ္ပဏီတွေကို သူတို့ဟာ အီရန်စစ်တပ်ကို ကူညီတယ်လို့ စွပ်စွဲပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒါက မေလအစောပိုင်းမှာ တရုတ်အစိုးရ က သူ့ရဲ့ ပိတ်ဆို့ခြင်းစည်းမျဉ်းတွေကို ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ပြီး တရုတ်နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးကို တရုတ်ရေနံချက်စက်ရုံငါးခုအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျစ်လျူရှုဖို့ အမိန့်ပေးပြီးနောက် ရက်အနည်းငယ်အကြာမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ပြဿနာ၊ ဉာဏ်ရည်တု၊ နျူကလီးယားလက်နက်တွေနဲ့ အရေးကြီးသော သတ္တုတွေအပါအဝင် အီရန်ပြဿနာတို့ဟာ အခုအပတ်မှာ ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးပွဲအစီအစဉ်မှာ အဓိကပါဝင်ဖို့ မျှော်လင့်ရပါတယ်။
ဧပြီလနှောင်းပိုင်းမှာ တရုတ်အစိုးရက စင်ကာပူမှာ တရားဝင်မှတ်ပုံတင်ထားသော်လည်း သူ့ရဲ့ထုတ်ကုန် တွေကို တရုတ်ပြည်မကြီးမှာ ထုတ်လုပ်တဲ့ ဉာဏ်ရည်တုကုမ္ပဏီ Manus မှ Meta Platforms မှ ဝယ်ယူဖို့ အဆိုပြုချက်ကို ပိတ်ဆို့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
International Crisis Group ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Comfort Ero က မေလ ၇ ရက်မှာ ရေးသားခဲ့တဲ့ မှတ်စုတစ်ခုမှာ အမေရိကန်ရဲ့ အီရန်အပေါ် စစ်ပွဲက အမေရိကန်အစိုးရဟာ မတည်မငြိမ်ဖြစ်စေတဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်အစိုးရကတော့ နှိုင်းယှဉ်ကြည့်လျှင် တည်ငြိမ်မှုရှိတဲ့ ဒါမှမဟုတ် အနည်းဆုံး ခန့်မှန်းနိုင်တဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့ အမြင်ကို ကမ္ဘာတစ်ဝန်းမှာ ပိုမိုကြီးထွား ခိုင်မာစေခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
“ဒါပေမယ့် ထရမ့်ပ် နဲ့ ရှီ နှစ်ဦးစလုံးက မြန်ဆန်ပြီး ရေရှည်တင်းမာမှု လျှော့ချရေးကို စိတ်ဝင်စားကြ တယ်” လို့ သူမက ပြောကြားခဲ့ပြီး ထရမ့်ပ်ဟာ အမေရိကန်ကို အရှေ့အလယ်ပိုင်းမှာ တစ်ဖန်ပြန်လည်ပြီး အထစ်အငေါ့ဖြစ် ရှေ့မတိုးနိုင်ဖြစ်စေခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် သူမက “အာရှနှင့် ပြန်လည်ဟန်ချက်ညီစေရန် အမေရိကန်အစိုးရရဲ့ ရေရှည်ကတိကဝတ်ဟာ လက်တွေ့လုပ်ဆောင်မှုထက် ပိုမိုမျှော်မှန်းချက်ကြီးမားတယ်ဆိုတာ ပေါ်လွင်စေခဲ့တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က ရှီ နဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးကို ချီးကျူးဂုဏ်ပြုပြီး သူတို့ရဲ့ ထိပ်သီးအစည်းအဝေးဟာ အတော်လေး အံ့သြဖွယ်ကောင်းလိမ့်မယ်လို့ ခန့်မှန်းနေစဉ် ထရမ့်ပ်က မီဒီယာအမှုဆောင်ဟောင်းဂျင်မီလိုင်ချီယင်နဲ့ ပြီးခဲ့တဲ့နှစ်ကတရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မှတ်ပုံတင်မထားတဲ့ ဇိုင်ဘုရားကျောင်းမှ သင်းအုပ်ဆရာ အက်ဇရာဂျင်မင်ဂရီတို့ရဲ့ အမှုတွေကို ထုတ်ဖော်ဖို့လည်း ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြီးခဲ့တဲ့အပတ်က ထရမ့်ပ် ပေကျင်းကို လာရောက်လည်ပတ်တဲ့အခါ ထိုင်ဝမ်အရေးက ဆွေးနွေးမှုရဲ့ အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မည်ဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်လို့ ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရူဘီယိုနဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ထိုင်ဝမ်အရေးသည် ဦးစားပေးပြဿနာတစ်ခု ဖြစ်လာမယ်လို့ ထပ်မံအချက်ပြပြီးနောက် ရက်အနည်းငယ်အကြာမှာ ရူဘီယိုက ခုလိုပြောခဲ့တာပါ။
Ref : SCMP
