နေမိုး
၁၁. ၅. ၂၀၂၆
TNLA နှင့် PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များ နောင်ချိုမြို့သိမ်းစဉ်က တပ်မတော်စစ်ကြောင်းများကို တားဆီးရန် ထောင်ထားခဲ့သောမိုင်း ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း သန့်ရှင်းရေးလုပ်သော သားအမိမှာ မိခင်ခြေထောက်ပြတ်သေဆုံးသွားပြီး သမီးငယ်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသမီး တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ ကလေးငယ် တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာနေ ဒေါ်ကြူကြူ(၄၆)နှစ်သည် သမီးဖြစ်သူ မမိုးမိုးထက်(၁၂)နှစ်နှင့်အတူ ၎င်းနေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ဒေါ်ကြူကြူမှာ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ကြူကြူတွင် ခြေထောက်နှစ်ဖက်ပြတ်တောက်သည့်အပြင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့ပြီး မမိုးမိုးထက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TNLA အနေဖြင့် နောင်ချိုမြို့ကိုသိမ်းစဉ်က ပြည်သူပိုင်ပစ္စည်းများသာမက ဘုန်းကြီးကျောင်းများပါမချန် ခံကတုတ်ပြုလုပ်သည့်အပြင် ကျောင်းပိုင်သာသနိကပစ္စည်းများလည်း လုယက်မှုဒဏ်ကို နောင်ချိုမြို့ခံပြည်သူများက ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် မြို့မှထွက်ပြေးသည့်အချိန်အထိ ရင်စည်းခံခဲ့ရသည့်အပြင် ထိုအချိန်က အလွန်အကျွံ မြှုပ်ခဲ့သည့် မြေမြှုပ်မိုင်းများ၏ဒဏ်ကိုလည်း တပ်မတော်က ရှင်းလင်းပေးနေသည့်ကြားမှ ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို ပြည်သူများမှာလည်း အသက်အန္တရာယ်ပေးဆပ်နေရဆဲဖြစ်သည်။
