သက်တံ့
၁၁. ၅. ၂၀၂၆
မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူတစ်ဦးအပါအဝင် တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ယာဥ်တစ်စီး ယမန်နေ့ မေလ ၁၀ ရက် ညနေ ၄ နာရီခန့်အချိန်က ဝင်တိုက်မိရာမှ ပွဲချင်းပြီးသေဆုံးသွားကြသော တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်သုံးဦးကို မနက်ဖြန်နံနက်တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်က သထုံ- ဘားအံလမ်းမကြီး မြို့သစ်နှင့် ရဲဘော်ကျေးရွာအကြားတွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးသုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် မူးနေသူများ မောင်းနှင်လာသည်ဟု မျက်မြင်တွေ့ရှိသူတို့ ပြောဆိုသော ယာဥ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာမှ မော်လမြိုင်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာမေဂျာမှ ပထမနှစ်ကျောင်းသူ မအေးအေးအောင် (အသက် ၁၉ နှစ်)၊ မော်လမြိုင်တက္ကသိုလ်မှ ဇီဝဓာတုဗေဒမေဂျာပထမနှစ်ကျောင်းသူ မနေခြည်ကျော် (အသက် ၁၉ နှစ်) နှင့် ဓာတုဗေဒဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက် ၂၀ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောင်းသူသုံးဦးမှာ မွေးနေ့ကိတ်သွားရောက်ဝယ်ယူပြီးအပြန် ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် တိုက်ကြိတ်မိ သေဆုံးခဲ့သည်ဟုလည်း သိရပြီး သေဆုံးသူများကို မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်းနှင့် မေတ္တာရိပ် လူမှုကယ်ဆယ်ရေးအသင်းတို့က သထုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကူညီပေးခဲ့သည့် မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်း၏ ပို့စ်အောက်တွင်လည်း တိုက်မိသည့်ကားသမားများ ဖမ်းမိထားကြောင်း၊ မူးနေကြောင်း မှတ်ချက်ပြုထားမှုလည်း တွေ့ရသလို မနက်ဖြန် မေလ ၁၂ ရက် နံနက် ၁၁ နာရီအချိန်တွင် သထုံမြို့နယ်၊ ညောင်ဝိုင်း – သုံးအိမ်စု သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဖြစ်ပြီး မေ ၁၆ ရက်တွင် နာရေးအိမ်အသီးသီး၌ ရက်လည်ဆွမ်းသွတ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
