၁၁.၅.၂၀၂၆
Written by Linn Eain
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ဧရာချမ်းသာအိမ်ရာအနီးတွင် မေ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားအပြီး ကားခေါင်းခန်းတွင် ညပ်နေသည့်အမျိုးသားကို မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ထုတ်ယူခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်နေသည့် အဆိုပါအမျိုးသားတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အကြင်နာကုသိုလ်ပြုဘဘကြီးလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းတွင်လည်း မေ ၈ ရက်၊ ည ၁၀ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေမှုဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မီးရထားလမ်းတားကို ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး ကားပေါ်ပါ အမျိုးသား ၆ ဦးအနက် ၂ ဦးသေဆုံး၊ ၂ ဦး စိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျန်အမျိုးသား ၂ ဦးတွင် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပရဟိတအသင်းများမှ သူနာတင်ယာဉ်များက မြောက်က္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


