သက်တံ့
၁၁. ၅. ၂၀၂၆
အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တစ်ခုအတွင်း အစ္စလာမ်ဘာသာကို စော်ကားခဲ့သည်ဟု စွပ်စွဲခံထားရသော လိင်ပြောင်းအမျိုးသမီးတစ်ဦး (Transgender) သည် တနင်္ဂနွေနေ့ (မေ ၁၀ ရက်) ညပိုင်းက ဘန်ကောက်မြို့၊ ရမ်းခမ်းဟမ်း (Ramkhamhaeng) အရပ်တွင် ဒေါသထွက်နေသော မွတ်စလင်မ်လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံခဲ့ရပြီးနောက် မိမိကိုယ်ကိုယ် ပါးရိုက်ရန်နှင့် ခေါင်းတုံးရိတ်ရန် ဖိအားပေးခံရမှုအပြင် အစ္စလာမ်ဘာသာတို့က အကြမ်းဖက်မှုပြုလုပ်မည့်အဆင့်ထိ စိုးရိမ်ရသဖြင့် ရဲတပ်ဖွဲ့က ၎င်းကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ဤဖြစ်စဉ်သည် ဘန်ကောက်မြို့၊ Soi Ramkhamhaeng 53 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နာရသီဝပ် (Narathiwat) ဇာတိဖြစ်ပြီး “Madam Lor” ဟု လူသိများသူတစ်ဦးသည် အွန်လိုင်းအချေအတင် ဆွေးနွေးမှုတစ်ခုအတွင်း ကိုရမ်ကျမ်းစာလာ အပိုဒ်အချို့ကို လှောင်ပြောင်ခြင်းနှင့် အစ္စလာမ်ဘာသာအပေါ် ရိုင်းစိုင်းသော ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟူသော ဗီဒီယိုများ ပျံ့နှံ့သွားရာမှ အခြေအနေများ စတင်တင်းမာခဲ့ခြင်းဖြစ်သည်။ ဤအငြင်းပွားမှုသည် Transgender မွတ်စ်လင်မ်များကို ဘူခါရ် ခေါင်းမြီးခြုံ(Hijab) ခိုင်းခြင်းနှင့် ပတ်သက်၍ အစ္စလာမ်အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများအပေါ် အခြေခံကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်များသည် လူမှုကွန်ရက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ထိုင်းနိုင်ငံသာမက မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် အာရပ်နိုင်ငံအချို့ရှိ မူစလင်လူ့အဖွဲ့အစည်းများ၏ ပြင်းထန်သော တုံ့ပြန်မှုများကိုပါ ရရှိခဲ့သည်။
အခြေအနေများ ပိုမိုဆိုးရွားမလာစေရန်အတွက် ရပ်ကွက်ခေါင်းဆောင်များက မေလ ၁၀ ရက်နေ့တွင် Ramkhamhaeng 53 ရှိ စားသောက်ဆိုင်တစ်ခု၌ တွေ့ဆုံညှိနှိုင်းမှုတစ်ခု ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ တွေ့ဆုံမှုသတင်းကို ကြားသိရသည့်အခါ ဒေါသထွက်နေသော ကန့်ကွက်ဆန္ဒပြသူ မွတ်စ်လင်မ် ထောင်ပေါင်းများစွာသည် ဆိုင်အပြင်ဘက်သို့ စုရုံးရောက်ရှိလာခဲ့ကြသည်။
စားသောက်ဆိုင်အတွင်း၌ Madam Lor က ၎င်း၏မိသားစုနှင့် လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့ပြီး ထိုသို့ပြောဆိုခဲ့မိခြင်းမှာ ဒေါသထွက်နေသည့် ခဏတာအတွင်း ပြောဆိုမိခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ ဆန္ဒပြသူများဘက်ကမူ ၎င်းကို နောင်တရသည့် အထိမ်းအမှတ်အဖြစ် မိမိကိုယ်ကို ပါးရိုက်ရန်နှင့် ခေါင်းတုံးရိတ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဆိုင်အပြင်ဘက်ရှိ လူအုပ်ကြီးသည် အတွင်း၌ တောင်းပန်မှုများ ပြုလုပ်နေသည်ကို မသိရှိဘဲ Madam Lor ကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရန် ဆိုင်အတွင်းသို့ အတင်းတိုးဝင်ရန် ကြိုးပမ်းခဲ့ကြသဖြင့် အခြေအနေမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ကင်းလှည့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသည် လူအုပ်အတွင်းသို့ တိုးဝင်ကာ ၎င်းကို ဘေးကင်းလုံခြုံစွာဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ဤဖြစ်ရပ်သည် အွန်လိုင်းပေါ်တွင် ကျယ်ပြန့်သော ဝေဖန်ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အချို့က ဘာသာရေးကို စော်ကားမှုအပေါ် ရှုတ်ချကြသော်လည်း၊ အချို့ကမူ လူအများရှေ့တွင် အရှက်ခွဲခြင်းနှင့် ခြိမ်းခြောက်ခြင်းများသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး “ဥပဒေမဲ့ လူအုပ်စုတရားစီရင်မှု” (Mob Justice) ကို ဖြစ်စေနိုင်ကြောင်း ဝေဖန်လျက်ရှိကြသည်။
Ref: Khaosod English


