သက်တံ့
၁၁. ၅. ၂၀၂၆
နီပေါနိုင်ငံ၊ ထရီဘူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ် (TIA) တွင် ယနေ့ (မေလ ၁၁ ရက်) နံနက်ပိုင်းက တူရကီ (တူကီယဲ) လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း ဆင်းသက်ပြီးနောက် ညာဘက်ပင်မဆင်းသက်ဂီယာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသလို အဆိုပါ ဖြစ်စဉ်ကြောင့် လေဆိပ်ရှိ လေယာဉ်ပျံသန်းမှုအားလုံးကို ယာယီရပ်နားခဲ့ရပြီး ခရီးသည်နှစ်ဦးလည်း မစိုးရိမ်ရသည့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
နီပေါ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Gyanendra Bhul ၏ အဆိုအရ နံနက် ၆ နာရီ ၃၄ မိနစ်တွင် Turkish Airlines ပိုင် လေယာဉ်မီးလောင်မှု စတင်ဖြစ်ပွားခဲ့သဖြင့် လေဆိပ်ကို ပိတ်လိုက်ရခြင်းဖြစ်ပြီး ၉၈ မိနစ်အကြာ နံနက် ၈ နာရီ ၁၂ မိနစ်တွင်မှ ပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားသည့် လေယာဉ်သည် လေယာဉ်များ ပြေးလမ်းသို့ မောင်းနှင်ရာ ချိတ်ဆက်လမ်း (Taxiway) ပေါ်တွင် ပိတ်မိနေခဲ့သည်။ လေယာဉ်ကိုယ်ထည်၏ ၃၀ ရာခိုင်နှုန်းမှာ တက္ကစီလမ်းပေါ်တွင်ရှိပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ ပြေးလမ်း (Runway) ကို ပိတ်ဆို့နေသည့်အနေအထားဖြစ်၍ ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရခြင်းဖြစ်သည်။
လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၁၁ ဦး အပါအဝင် စုစုပေါင်း ၂၈၈ ဦး လိုက်ပါလာခဲ့ပြီး ခရီးသည်များကို အရေးပေါ်လျှောစီးလှေကားများ (Evacuation slides) အသုံးပြု၍ ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သည်။ လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ ခရီးသည်နှစ်ဦးမှာ လက်ချောင်းများတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
မူလစစ်ဆေးချက်များအရ ညာဘက်ပင်မဆင်းသက်ဂီယာရှိ တာယာတစ်လုံး မီးလောင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်အဆင်းတွင် ပြင်းထန်စွာထိခိုက်မိခြင်း (Hard landing)၊ တာယာလေဖိအားပြဿနာ သို့မဟုတ် အခြားနည်းပညာဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
လက်ရှိတွင် အဆိုပါလေယာဉ်ကို ခေတ္တရပ်နား၍ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ခတ္တမန္ဒူမှ ထွက်ခွာမည့် ခရီးသည်များအတွက် ဟိုတယ်နှင့် အခြားအစီအစဉ်များကို လေကြောင်းလိုင်းမှ စီစဉ်ပေးထားကြောင်း သိရသည်။
Turkish Airlines သည် အစ္စတန်ဘူလ်မြို့မှ နီပေါနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပြေးဆွဲနေခြင်းဖြစ်သည်။
Ref: Kathmandu Post
