သတိုး
၁၁. ၅. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းရာတွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၃၂၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားကွန်ရက်များကို အကြီးမားဆုံး နှိမ်နင်းမှုများထဲမှ တစ်ခုဖြစ်သည့် အဆိုပါစီးနင်းမှုတွင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၃၂၁ ဦးရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံသားများ အများဆုံးပါဝင်ကာ ဂျကာတာမြို့ တရုတ်တန်းအနီးရှိ ကုန်သွယ်ရေး အဆောက်အအုံတစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ထိုနေရာသည် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်ပေါင်း ၇၀ ကျော်အတွက် အချက်အခြာနေရာဖြစ်ပြီး သိမ်းဆည်းရမိသော မှတ်တမ်းများနှင့် အထောက်အထားများအရ အင်ဒိုနီးရှားပြင်ပရှိ ကစားသမားများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့၊ အထွေထွေရာဇဝတ်မှုဌာန ညွှန်ကြားရေးမှူး Wira Satya Triputra ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများတွင် ဗီယက်နမ်နိုင်ငံသား ၂၂၈ ဦး၊ တရုတ်နိုင်ငံသား ၅၇ ဦးနှင့် မြန်မာ၊ လာအို၊ ထိုင်း၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသားများက ၃၆ ဦး ဖမ်းမိခဲ့သည်။


“သူတို့ အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတုန်း လက်ရဖမ်းဆီးနိုင်ခဲ့တာပါ” ဟု Triputra က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျူးလွန်သူများက အဆိုပါ လိမ်လည်မှုလုပ်ငန်းကို စနစ်တကျ ဖွဲ့စည်းထားပြီး Customer Service၊ Telemarketing နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု စသည့် ကဏ္ဍအသီးသီးတွင် အလုပ်သမားများကို တာဝန်ချထားကြောင်း၊ လုပ်ငန်းလည်ပတ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
အာဏာပိုင်များ၏ အဆိုအရ လောင်းကစားဂိုဏ်းအများစုသည် အဖမ်းမခံရစေရန် ၎င်းတို့၏ လုပ်ငန်းတည်နေရာများကို ခဏခဏ ပြောင်းရွှေ့လေ့ရှိပြီး ဝက်ဘ်ဆိုက်များကို စီမံခန့်ခွဲရန် နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းလေ့ရှိကြသည်။
သံသယရှိသူအများစုသည် အလည်အပတ်ဗီဇာ (Short-term visa) ဖြင့် ဝင်ရောက်လာပြီး ဗီဇာသက်တမ်းကျော်လွန် နေထိုင်ကာ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် လောင်းကစားနှင့် ငွေကြေးခဝါချမှု အမှုများအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုများဖြင့်ပါ အရေးယူခံရမည်ဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် ၂၇၅ ဦးကို သံသယရှိသူအဖြစ် တရားဝင်သတ်မှတ်ထားပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်သည်။ အပြစ်ရှိကြောင်း တွေ့ရှိပါက အင်ဒိုနီးရှား ဥပဒေအရ ထောင်ဒဏ် ၉ နှစ် အထိ ကျခံရနိုင်ပြီး ရူပီးယား ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁၆,၀၀၀ ခန့်) ဒဏ်ရိုက်ခံရနိုင်သည်။
အင်ဒိုနီးရှား အင်တာပိုဗျူရို အတွင်းရေးမှူး Untung Widyatmoko က ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် အွန်လိုင်းလောင်းကစားသမားများသည် အင်ဒိုနီးရှားသို့ ပြောင်းရွှေ့လာသည့် လက္ခဏာများ တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။


အခြားသော ဖမ်းဆီးမှုများအဖြစ်လည်း ဘတ်တမ်ကျွန်းတွင် ဗီယက်နမ်၊ တရုတ်နှင့် မြန်မာနိုင်ငံသား ၂၁၀ ဦးကို အွန်လိုင်းရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုဖြင့် ဖမ်းဆီးခဲ့သလို ဆူရာဘရားမြို့တွင် ဂျပန်နှင့် တရုတ်နိုင်ငံသား ၄၄ ဦးကို ရဲအယောင်ဆောင်ကာ ဖုန်းနှင့် လိမ်လည်မှုဖြင့် ဖမ်းဆီးခဲ့သည့်အပြင် ဘာလီနှင့် ဆူကာဘူမိတို့တွင်လည်း ဖိလစ်ပိုင်၊ ကင်ညာ၊ ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံသား အွန်လိုင်းလိမ်လည်သူများကို ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံဖြစ်ပြီး အွန်လိုင်းလောင်းကစားခြင်းကို တရားမဝင်အဖြစ် သတ်မှတ်ထားသည်။ လက်ရှိတွင် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Ref : SCMP
