၁၁.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက အီရန်စစ်ပွဲပြီးဆုံးရေးအတွက် အဆိုပြုချက်များကို အီရန်နိုင်ငံက တုံ့ပြန်ခဲ့မှုအပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က မေလ ၁၀ ရက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သမ္မတ ထရမ့်ပ်က အီရန်အစိုးရအနေနဲ့ အမေရိကန်ကိုရော၊ တခြားကမ္ဘာ့နိုင်ငံတွေကိုပါ ဂိမ်းတစ်ခုသဖွယ် ကစားပြီး လှည့်စားနေတယ်လို့လည်း ဝေဖန်ပြောကြားခဲ့ပါတယ်။ အီရန်အစိုးရရဲ့အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် တုံ့ပြန်အဆိုပြုချက်မှာ ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာကို အသိအမှတ်ပြုဖို့နဲ့ အမေရိကန်က စစ်လျော်ကြေးငွေပေးဖို့ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ဖြေရှင်းဖို့ကြိုးစားနေတဲ့ အဓိကပြဿနာတွေထဲမှ တစ်ခုဖြစ်တဲ့ အီရန်ိနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့တော့ အဆိုပါ သတင်းတွေမှာ ဖော်ပြထားတာမရှိဘူးလို့ သိရပါတယ်။
အီရန်စစ်ဘက်က ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ အီရန်အပေါ်ပိတ်ဆို့ထားမှုကို အကျိုးသက်ရောက်မှုရှိစေမယ့် နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံ သင်္ဘောတွေ ရေလက်ကြားကိုဖြတ်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူထားကြပေမယ့် မကြာသေးမီကပဲ ဒေသတွင်း အဓိကရေလမ်းကြောင်းတွေမှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Ref- CNN
