၁၁.၅.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေ ၁၃ ရက်မှ ၁၇ ရက်အတွင်း၊ မြစ်၀ကျွန်းပေါ်ဒေသများသို့ မေ ၁၈ ရက်မှ ၂၂ ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် ထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည့်အပြင် ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၆ ရက်မှ ၈ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၃ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း မိုး/ဇလက ခန့်မှန်းထားသည်။
ဧရာဝတီမြစ်ရေ အခြေအနေအားဖြင့် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် သုံးပေမှ ငါးပေခန့်၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့နှင့် မကွေးမြို့တို့တွင် သုံးပေခွဲမှ ငါးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းလည်း အသိပေးထားသည်။
ထို့ပြင် နေ့အပူချိန်အားဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မေလပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်းနှင့်မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ ပျမ်းမျှအပူချိန်၏၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ကြောင်း မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။
