၁၆.၅.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ထပ်တင်ကာတောရကျောင်းအတက်လမ်းတွင် အလှူသွားသူများ လိုက်ပါလာသော ကားတစ်စီး ဂီယာထိုးမှား၍ နောက်ပြန်ပြုတ်ကျရာမှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိမှု မေလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် တိုင်းနေနာရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ မော်တော်ယာဥ်တစ်စီးလည်းပျက်စီးခဲ့ကြောင်း သိရသည်။
“မိသားစုက ဆွမ်းကပ်ဖို့သွားရင်းက ဖြစ်သွားတာ။ ဒဏ်ရာရတဲ့ လေးယောက်ထဲမှာ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်”ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
မော်တော်ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို နှလုံးလှပိုင်ရှင်များအသင်းနှင့် တိုင်းနေနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။





