နေမိုး
၁၆. ၅. ၂၀၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အခြေစိုက်လှုပ်ရှားတဲ့ ချင်းလက်နက်ကိုင် CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဆလိုင်းဆန်းလင်း ( Salai Sang Ling) ကို အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ဆလိုင်း ဇာကျုံးလျန် ( Salai Za Cung Lian ) က မနေ့က မေလ ၁၅ ရက်မှာ သေနတ်နဲ့သုံးချက် ပစ်သတ်လိုက်တာကြောင့် ပွဲချင်းပြီး သေသွားတယ်လို့ သိရပါတယ်။
CDF Hakha အတွင်း နေရာလုကြရာကနေ အငြင်းပွားမှုဖြစ်ပွားချိန်မှာ အခန်းထဲပြန်ဝင်သွားတဲ့ ဆန်းလင်းကို ဇာကျုံးလျန်က သေနတ်နဲ့သုံးချက် လိုက်ပစ်သတ်လိုက်တာဖြစ်ပြီး ဒီလို ပစ်သတ်မှုကိုတော့ CDF Hakha ဘက်က အကြောင်းအရင်း မထုတ်ပြန်သေးပါဘူး။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ချင်းထောက်ပို့အေကေနဲ့ အခြားထောက်ပို့စ်တစ်ဦးက ရေးသားဖော်ပြရာမှ CDF Hakha ရဲ့ စခန်းပြောင်းရွှေ့မှုကို ဆန်းလင်းက ဇာကျုံးလျန်ကို အသိမပေးဘဲ ပြောင်းရွှေ့တာကြောင့် လုပ်ပိုင်ခွင့်လိုချင်တဲ့ ဇာကျုံးလျန်က ကန့်ကွက်စကားများချိန် CDF Hakha စတင်ကတည်းက ဦးဆောင်ခဲ့သလို ဇာကျုံးလျန်ကို စစ်ပညာသင်ပေးတဲ့ဆန်းလင်းက ပါးကိုရိုက်လိုက်တာကြောင့် ဇာကျုံးလျန်က ပစ်သတ်လိုက်တာလို့လည်း ဆိုပါတယ်။
“လက်တွေ့မကျတဲ့ မင်းတို့ရဲ့ နိုင်ငံရေးအာဏာအတွက် မလုပ်သင့်မလုပ်ထိုက်တာတွေနော်။ လူငယ်တွေရဲ့ အနာဂတ်ခေါင်းဆောင်တဦး အရှင်းခံရတာ တကယ်စိတ်မကောင်းဘူး(သတ်ပုံမူရင်း)” လို့ ပြည်ပမှာနေထိုင်တဲ့ ချင်းထောက်ပို့ ဆလိုင်းအောင်လင်းချိုက မှတ်ချက်ပြုထားပါတယ်။
ဆန်းလင်းဟာ ဒုဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တာဝန်က ယာယီ အနားယူထားချိန်မှာ စခန်းကို ဦးဆောင်ပြောင်းရွှေ့တာကြောင့် တကယ်လုပ်ရမယ့် ဇာကျုံးလျန်က သူ့လုပ်ပိုင်ခွင့်ကို ကျော်တယ်လို့ ယူဆပြီး စကားများချိန် ပါးရိုက်ခံရတာကြောင့် ပစ်သတ်တယ်လို့ ယူဆရပေမဲ့ ဖြစ်ရပ်မှန်ကိုတော့ CDF Hakha ထုတ်ပြန်မှ သိရမှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ဖုံးဖိထားဆဲဖြစ်ပါတယ်။
