


MT News
၁၅. ၅. ၂၀၂၆
မန္တလေးတိုင်းတွင် ပန်းတိုင်သီးနှံဆယ်မျိုး ထွက်နှုန်းမပြည့်မီသဖြင့် တစ်နှစ် ကျပ် ၃၇၆၅ ဘီလျံခန့်နစ်နာနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒေါ်လာ ရှစ်ဘီလျံခန့် နစ်နာနေရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးသည် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အားလုံး၌ အောင်မြင်ဖြစ်ထွန်းမှုရှိသော ထူးခြားသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး အရေးကြီးသီးနှံ(၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် အားရကျေနပ်ဖွယ် အနေအထားတွင်ရှိကာ ပန်းတိုင်ရရှိမှုမြင့်မားစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၉ ဘီလျံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၀ ရာခိုင်နှုန်း ခန့်ပါဝင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
သို့သော် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက်သီးနှံ ၁၀ မျိုးတွင် နှစ်စဉ် မြန်မာကျပ်ငွေ ၃၇၆၅ ဘီလျံခန့် လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ထိခိုက်နစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်ပျိုးနိုင်မည် ဆိုပါက နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၀ ဘီလျံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံအများအပြား၌ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေရဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျင် စိုက်ပျိုးရေး ထုတ်ကုန်များကိုထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ပန်းတိုင်အထွက်နှုန်းတိုးရန် ဆောင်ရွက်နေသည့် သီးနှံ ၁၀ မျိုးမှာ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါနှင့် ကြံတို့ဖြစ်ကြောင်းလည်း သိရသည်။
