MT News
၁၆. ၅.၂၀၂၆
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ဖိတ်ကြားချက်အရ ယခုနှစ် ဆောင်းဦးရာသီ (စက်တင်ဘာ ၂၄ ရက်) တွင် အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။
ပေကျင်းမြို့၌ မကြာသေးမီကပင် ပြီးဆုံးသွားခဲ့သည့် ရှီ-ထရမ့် တွေ့ဆုံပွဲနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယခုကဲ့သို့ ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ပေကျင်းမြို့တွင် ပြုလုပ်သည့် ညစာစားပွဲအခမ်းအနား မိန့်ခွန်းအတွင်း သမ္မတထရမ့်ပ်က “ကျွန်တော်တို့ ဒီခရီးစဉ်ကို မျှော်လင့်စောင့်စားနေပါတယ်”ဟု ပြောကြားခဲ့ပြီး ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် အရေးပါလှသော ထိပ်သီးဆွေးနွေးပွဲကိုလည်း “အံ့ဩစရာကောင်းသည့်နေ့” နှင့် “သမိုင်းဝင်နေ့” ဟု ရည်ညွှန်းကာ ဆွေးနွေးမှုများသည် “အလွန် အပြုသဘောဆောင်ကာ အောင်မြင်မှုရလဒ်များ ထွက်ပေါ်ခဲ့သည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ညစာစားပွဲမိန့်ခွန်းများအတွင်း ခေါင်းဆောင်နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး၏ ခေါင်းဆောင်မှုနှင့် မျှော်မှန်းချက်များကို အပြန်အလှန် ချီးကျူးခဲ့ကြပြီး ရင်းနှီးပွင့်လင်းသော အနေအထားကို ပြသခဲ့ကြသော်လည်း ကင်မရာများ၏ နောက်ကွယ်တွင်မူ ဆွေးနွေးမှုများ ပိုမိုတင်းမာခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ထိုင်ဝမ်အရေးသည် အဓိက တင်းမာမှုဖြစ်ပွားရာအချက် ဖြစ်လာခဲ့သည်။
တရုတ်အရာရှိများ၏ ပြောကြားချက်အရ သမ္မတရှီက “ထိုင်ဝမ်အရေးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်တယ်” ဟု သမ္မတထရမ့်ပ်ထံ အလေးအနက် ပြောကြားခဲ့ကြောင်း သိရသော်လည်း အိမ်ဖြူတော်ဘက်ကမူ မီဒီယာများသို့ ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်ဝမ်အရေးကို သိသိသာသာ ချန်လှပ်ထားခဲ့သည်။
တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက နှစ်နိုင်ငံ့ခေါင်းဆောင်များအကြား အပြန်အလှန် ဆက်သွယ်မှုများနှင့် ကူးလူးဆက်ဆံမှုများအတွက် စေ့စပ်သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ရန်၊ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန်နှင့် ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာစေရန် နှစ်ဖက်စလုံးက အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။
လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် တွေ့ဆုံပွဲသည် သမ္မတထရမ့်ပ်၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း နှစ်နိုင်ငံ့ခေါင်းဆောင်များအကြား တတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် အောက်တိုဘာလက တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသေးသည်။ သမ္မတရှီသည် အမေရိကန်ပြည်ထောင်စုသို့ နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုမြို့၌ ပြုလုပ်ခဲ့သည့် APEC ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
Ref: Xinhua & Politico
