
၁၅.၅.၂၀၂၆
Written by KL
လေးခန်းတွဲ သုံးထပ်တိုက် ပထမထပ် မီးဖိုခန်း၏ အပေါ်ထပ်စလပ်ပြိုကျရာမှ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ မေလ ၁၅ ရက် နံနက် ၅နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ်(၈) ရပ်ကွက်၊ ၃၉လမ်း(အလယ်ဘလောက်) တွင်ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အလျား ၁၀ ပေ၊ အနံ ၁၂ ပေရှိ အမိုးစလပ်ပြိုကျခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် အဘွားအို ဒေါ်စန်းစန်းမြင့်တွင် ခါးအောက်ပိုင်း ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဘွားက ညာခြေထောက်နဲ့ခါးမှာ ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
စလပ်အမိုးပိမိသူ အဘွားအိုကို မိနစ်၂၀ ခန့်ကြာ ကယ်ထုတ်ခဲ့ရပြီး ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၉ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်တွင် ဆောက်လက်စ အုတ်ညှပ်နှစ်ထပ်နေအိမ်၏ စလပ်အမိုး၀ရန်တာပြိုကျပိမိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
