၁. ၃. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်ရှိ ဗလုံကျေးရွာတွင် ယနေ့နံနက်ပိုင်းက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို သေနတ်သမားများက နေအိမ်အသီးသီးမှ ခေါ်ဆောင်သွားပြီး ရွာအနီးဝန်းကျင်၌ ပစ်သတ်သွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာ၏ အနောက်ပိုင်းတွင်နေထိုင်သော လူလတ်ပိုင်းအမျိုးသား ၃ ဦးနှင့် ရွာအလယ်ပိုင်းတွင် နေထိုင်သော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးတို့အား အမည်မသိအမျိုးသားလူငယ် ၅ ဦးတို့ ရောက်ရှိပြီး ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ရွာ၏အနောက်တောင်ဘက် ၂ ဖာလုံခန့်အကွာ ဆည်တာဘောင်အနောက်ဘက်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သေတဲ့လေးယောက်လုံးက NLD ပါတီထောက်ခံတဲ့ အမာခံတွေပါ။ အရင်က PDF တွေကို ထောက်ပံ့ပေးနေတယ်လို့လည်း ကြားသိရတယ်။ သက်ဆိုင်ရာက ထပ်မလုပ်ဖို့သတိပေးပြီးနောက် မထောက်ပံ့တော့တဲ့အချိန်မှာ အခုလို PDF တွေက သူတို့လည်းမထောက်ပံ့တော့တဲ့အပြင် တပ်နဲ့ပါ ပေါင်းနေတယ်လို့ ပြောပြီးတော့ ဖမ်းသွားတာပဲ။ ချက်ချင်းရွာသူရွာသားတွေပေါင်းပြီး လိုက်ရှာတော့ အခုလိုသတ်ခံထားရတာပဲ”ဟု အသတ်ခံရသူများနှင့် တစ်ရွာထဲနေသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ပြီး ဝဲနားထင်သို့ ပြန်လည်ဖောက်ထွက်သည့်ဒဏ်ရာ ၁ချက်၊ အသက်၂၈ နှစ်အရွယ်အမျိုးသားသည်လည်း ယာနားထင်ကိုကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးအား ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကိုဖောက်ဝင်ကာ နောက်ကျောသို့ပြန်ပြီးဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားတွင်မူ ဝဲဘက်နားနောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတွင်လည်း ဦးခေါင်းနောက်စေ့ကို ကျည်ဖောက်ဝင်ပြီးနဖူးအားပြန်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်ကျောဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးနေကြကြောင်း သိရသည်။

ယင်းတို့ ၄ ဦးသေဆုံးသွားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်ရာအနီးမှ USA-380 Auto ကျည်ခွံ ၄ ခွံအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသည့်ရုပ်အလောင်းများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဒေသခံလူမှုကူညီရေးကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News