၁. ၃. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ မတ်လ ၁၇ ရက်မှစတင်၍ ခုနစ်ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပူးတွဲကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၃ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ရေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်လိုသူများအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်‌ (နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News