၁. ၃. ၂၀၂၃
Written by Min Mahar

ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်တွင် အမျိုးသမီးတစ်ဦးဆိတ်ကျောင်းနေစဉ်အတွင်း လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မိုင်းစများထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာတွင်နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မတ်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ရွာ၏အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ လယ်ကွင်းအတွင်း၌ ဆိတ်ကျောင်းနေစဉ် လယ်ကန်သင်းရိုးပေါ်သို့အရောက် လယ်ကန်သင်းရိုး၏ ညာဘက်ခြမ်းတွင် အကြမ်းဖက်သောင်းကျန်းအဖွဲ့များထောင်ထားသော လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ရွာအနီးဝန်းကျင်မှာ မကြာခဏဆိုသလို ဒီလိုမိုင်းတွေခဏခဏကွဲနေတယ်။ PDF ဘက်က ထောင်တာက တပ်ကိုထိအောင်လို့ ရည်ရွယ်သလို တပ်ဖက်ကထောင်ရင်လည်း ဒီလိုပဲရည်ရွယ်မှာပဲ။ ဒါပေမဲ့ တကယ့်မြေပြင်မှာ ခံနေရတာတော့ ပြည်သူတွေပဲ။ ဒီလိုဘဝဆိုးတဲ့ကာလကြီးလည်း အမြန်ပြီးဆုံးစေချင်ပါပြီ” ဟု ကျေးရွာနေပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသမီးသည် ဦးခေါင်းယာဘက်ဂျိုစောင်းကို မိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖမိုးကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံးကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိပြီး ကျေးရွာဘုန်းကြီး ကျောင်းကားဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News