◾️မမ်မီရုပ်ကို စိတ်ကူးယဉ်ချစ်သူဖြစ်ကြောင်း အစားအသောက်ပို့ အမျိုးသား ဖွင့်ဟသော်လည်း မမ်မီမှာ အမျိုးသားရုပ်ဖြစ်ဖွယ်ရှိနေ

၁. ၃. ၂၀၂၃
Written by Pan Ei

ပီရူးနိုင်ငံ၌ သက်တမ်း နှစ် ၆၀၀ မှ ၈၀၀ ကြားရှိမည်ဟု ခန့်မှန်းရသည့် မမ်မီရုပ်တစ်ခုကို ပီရူးရဲတပ်ဖွဲ့မှ အစားအသောက်ပေးပို့သည့် အိတ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ပီရူးနိုင်ငံ ပုနိုမြို့ရှိ ပန်းခြံတစ်ခု၌ အရက်သောက်နေကြသည့် အမျိုးသားသုံးဦးနှင့်အတူ မမ်မီရုပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါမမ်မီရုပ်ကို အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ‘Pedidos Ya’ ဟု ကုမ္ပဏီတံဆိပ်တပ်ထားသော အစားအသောက်ပို့ဆောင်သည့်အိတ်ထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုနိုဒေသ၏ အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် ထိုမမ်မီရုပ်ကို ဂျူနီတာဟု အမည်ပေးကာ သူ၏ စိတ်ကူးယဉ် ချစ်သူရည်းစားကဲ့သို့ သတ်မှတ်ထားကြောင်း ပြောဆိုခဲ့ပြီး ထိုမမ်မီရုပ်နှင့်အတူ အိမ်တွင် သူ၏ အခန်းထဲ၌ အတူတူအိပ်ကြောင်း၊ သူမကို သေချာစောင့်ရှောက်ကြောင်း ပြောဆိုခဲ့သည်။

ပီရူးသတင်းအေဂျင်စီ အန်အန်ဒီနာကမူ အဆိုပါ မမ်မီသည် အမှန်တကယ်တွင် အရွယ်ရောက်ပြီး အမျိုးသားမမ်မီရုပ်ဟု ယူဆရပြီး ပုနို၏ အရှေ့ပိုင်းဒေသမှ ဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြခဲ့သည်။

ယခုလက်ရှိတွင် အဆိုပါ မမ်မီရုပ်အား အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားကြောင်း သိရသည်။

အင်ကာအင်ပါယာမတိုင်မီနှင့် နောက်ပိုင်းအချိန်များတွင် ယဉ်ကျေးမှုအများအပြား ထွန်ကားခဲ့သော ပီရူးနိုင်ငံ၌ မမ်မီအများအပြားကို ယခင်က တွေ့ရှိခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်တွင်လည်း မြို့တော် လီမာအနီးတွင် သက်တမ်း ၈၀၀ မှ ၁၂၀၀ ကြားရှိသည်ဟု ခန့်မှန်းရသော မမ်မီရုပ်ကို တူးဖော်တွေ့ရှိခဲ့သည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *