၁. ၃.၂၀၂၃
Written by Hey Mar

သီးနှံ၊ သစ်တော ရောနှောစိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများအတွက် အစားအစာနှင့် ဝင်ငွေအခွင့်အလမ်း တိုးပွားစေရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဥ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုနှင့် သစ်တောဦးစီးဌာနက ဦးဆောင်ကာ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော် KMA ဟိုတယ်တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ ပွဲတွင် ဒေသခံပြည်သူများအတွက် မဲခေါင်-လန်ချန်းစီမံကိန်းမှတစ်ဆင့် ရန်ပုံငွေပံ့ပိုးမှု လုပ်ငန်းစဥ်အပြင် သစ်ပင်နှင့် သစ်တောများစိုက်ပျိုးရာ၌ မည်သည့်အပင်ကြားတွင် စားပင်များ ရောနှောထည့်သွင်းစိုက်ပျိုးပါက အကျိုးဖြစ်ထွန်းနိုင်သည် စသဖြင့် နည်းလမ်းများကို မျှဝေပြီး စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးမည့် လုပ်ငန်းစဥ်များကိုလည်း ပြည်သူသို့ အသိပေးပြောကြားခဲ့သည်ဟု သိရသည်။

သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက “MOFA ကနေ တစ်ဆင့် မဲခေါင်-လန်ချန်းက Project က လာတာပါ၊ Project ရဲ့ ရန်ပုံငွေ စီးဆင်းမှုပိုင်းက MOFA ရဲ့ စီစဥ်မှု သက်ဆိုင်ရာဌာနတွေရဲ့ ကွင်းဆင်းမှုတွေကနေ ဘယ်လို ခွဲဝေမယ်ဆိုတာကို အဆင့်ဆင့်သွားမှာပေါ့”ဟု MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မဲခေါင်-လန်ချန်းစီမံကိန်း၏ အဓိက ရည်ရွယ်ချက်များမှာ သီးနှံ၊ သစ်တော ရောနှောစိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများအတွက် အစားအစာနှင့် ဝင်ငွေအခွင့်အလမ်း တိုးပွားစေရန်၊ ဒေသနှင့် သင့်တော်သည့် သီးနှံ၊ သစ်တော ရောနှောစိုက်ပျိုးသည့် နည်းစနစ်ပုံစံ ဖော်ထုတ်ရန်၊ လက်တွေ့လေ့လာနိုင်မည့် ပုံစံမျိုးဖြင့် ဖော်ဆောင်ထားသည့် သီးနှံ၊ သစ်တောရောနှောစိုက်ပျိုးခြင်းပုံစံအား တည်ထောင်ရန်၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖြင့် ဒေသခံပြည်သူများပိုင် အစုအဖွဲ့သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို နေပြည်တော်၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့အတွင်း ၂၀၂၁ ခုနှစ်မှစတင်ကာ ဆောက်ရွက်ခွင့်ရရှိခဲ့ပြီး ရန်ပုံငွေ စီးဆင်းမှုအရရော ကွင်းဆင်းလေ့လာမှု အခြေအနေအရပါ ၂၀၂၄ ခုနှစ် မတ်လတွင် စတင် အကောင်အထည် ဖော်နိုင်မည်ဟုလည်း သိရသည်။

ရရှိလာသည့် ရန်ပုံငွေများကို ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ၃၀ ရာခိုင်နှုန်း၊ သစ်တောသစ်ပင်စိုက်ပျိုးမှုတွင်ရင်းနှီးမြှုပ်နှံချင်ပါက ၃၀ ရာခိုင်နှုန်း ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး၊ စီမံခန့်ခွဲမှု အသုံးစရိတ်မှာ ၃၀ ရာခိုင်နှုန်းအသုံးပြုသွားမည်ဖြစ်ကာ အထွေထွေအသုံးစရိတ် ၆ ရာခိုင်နှုန်းဖြင့် ခွဲတမ်းချဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News