၁. ၃. ၂၀၂၃
Written by Peya

စစ်တွေနှင့် ကျောက်ဖြူ လေဆိပ်တို့တွင် မှတ်ပုံတင်အတု ကိုင်ဆောင်သူ ဘင်္ဂလီ ၃ ဦးကို နှစ်ရက် ဆက်တိုက်ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံက သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက စစ်တွေလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ရောက်ရှိလာသည့် ခရီးသည်များကို မှတ်ပုံတင်စစ်ဆေးခြင်းဆောင်ရွက်စဉ် မှတ်ပုံတင်(အတု)ကိုင်ဆောင်ထားသူ ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းက မှတ်ပုံတင် အတုတွင် မောင်မောင်ဖြူ၊ အသက်(၃၁)နှစ်၊ (ဘ)မာမဒ်ဟာစန်း၊ ကမန်/အစ္စလာမ်၊ အမှတ်(၂၈)၊ ညောင်သုံးပင်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးဟု ဖော်ပြထားသော်လည်း သက်ဆိုင်ရာ လဝကရုံးမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရာ ကွဲလွဲနေသဖြင့် စစ်တွေမြို့နယ် လဝကရုံးသို့ ပို့ဆောင် စစ်ဆေးခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ ၎င်း၏အမည်ရင်းမှာ ဆာဒိန်(ဘ)မာမဒ်ဟာစန်း၊ ဘင်္ဂါလီ/အစ္စလာမ်၊ လက်မကျေးရွာ၊ မင်းပြားမြိုနယ်နေသူဖြစ်ပြီး ၂ဝ၁၈ စက်တင်ဘာလခန့်တွင် ပွဲစားနှင့်ချိတ်ဆက်ကာ ငွေကျပ်သိန်း ၂၀ ဖြင့် ရန်ကုန်သို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်၍ သန်လျင်မြို့နယ်တွင် အိမ်ငှားနေကာ အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် မှတ်ပုံတင်(အတု)ပြုလုပ်ပေးသူ တစ်ဦးနှင့် ချိတ်ဆက်ကာ ငွေကျပ် ၅ သိန်းပေး၍ မှတ်ပုံတင်(အတု) ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူ နေမကောင်းသည့်အတွက် ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ကျောက်ဖြူလေဆိပ်တွင် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များအား မှတ်ပုံတင်စစ်ဆေးခြင်းဆောင်ရွက်စဉ် မှတ်ပုံတင်(အတု)ကိုင်ဆောင်ထားသူ ဘင်္ဂါလီ ၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြိး ၎င်းတို့မှာ စစ်တွေမြို့၊ ဘောဒူဖကယ်ဆယ်ရေးစခန်းနေ မောင်ရွှေလှ(ခ) ဟာမစ်ဒူဆောင်း၊ အသက်(၂၂)နှစ်၊ (ဘ)ဦးညီမောင်ရွှေ(ခ)အာလီနှင့် မောင်နိုင်နိုင်ထွန်း(ခ)နူရ်အာလီ၊ အသက်(၂၃)နှစ်၊ (ဘ)ဦးထွန်းမြင့်(ခ)အာမော့တိုဖြစ်ပြီး ခရိုင်လဝကရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ ဘောဒူဖကယ်ဆယ်ရေးစခန်း၌ နေထိုင်စဉ် ပွဲစားတစ်ဦး ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်လိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု ပြောဆိုသည့်အတွက် သဘောတူကာ ငွေကျပ်သိန်း ၃၀ နှင့် အချက်အလက်များပေးပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် စစ်တွေမှ ရမ်းဗြဲ၊ ၎င်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ကျောက်ဖြူသို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်(အတု)ပေး၍ လေယာဉ်ဖြင့် သွားရောက်နိုင်ရေး ပွဲစားကစီစဉ်ပေးခဲ့သည်ဟု သိရကာ လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News