၁. ၃. ၂၀၂၃
Written by Peya

ပုဇွန်တောင် CB ဘဏ်တွင် အသက် ၁၅ နှစ်နှင့် ၁၄ နှစ်အရွယ် လူငယ်နှစ်ဦးက သေနတ်အတုပြကာ လုယက်မှု ဖြစ်ခဲ့ပြီး ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သတင်းရရှိသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်ကို မတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ အချိန်ခန့်တွင် ဝင်ရောက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘဏ်ထဲကို လူငယ်နှစ်ယောက်က ဝင်လာပြီးတော့ ပစ္စတို သေနတ်နဲ့ ဓားမြှောင်ကို ထုတ်ပြခြိမ်းခြောက်တယ်။ ကောင်တာ စားပွဲပေါ် တင်ထားတဲ့ ပိုက်ဆံ သိန်း ၆၅၀ ကို လုပြီး ထွက်ပြေးဖို့ လုပ်နေတုန်း ဖမ်းမိခဲ့တာလို့ သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ထွက်ပြေးရန် လုပ်နေစဉ် လုံခြုံရေးအဖွဲ့ ရောက်လာကာ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး လုယက်သူ ၂ ဦးစလုံးမှာ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ အသက် ၁၅ နှစ် နှင့် ၁၄ နှစ်အရွယ် လူငယ် ၂ ဦး ဖြစ်ကြောင်း သိရသည်။

၎င်းလူငယ် ၂ဦး နှင့်အတူ လုယက်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အတုတစ်လက်၊ ဓားမြှောင်နှစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News