၁. ၃. ၂၀၂၃
Written by Nyein Kyaw

ရခိုင်ပြည်နယ်အတွင်း မြို့ရေပေးဝေရေးအတွက် ရေချိုကိုသိုလှောင်၍ ဖြန့်ဖြူးပေးသည့် နည်းလမ်းအပြင် ဒေသတွင်းရှိရေငန်ကို ရေချိုသုံးရေအဖြစ်ပြောင်းလဲ အသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဥ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်တွေမြို့ မြို့ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့သည်။

ထို့ပြင် မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မည့် မြို့၏မြောက်ဘက်ခြမ်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ်သုတေသနပြုတိုင်းတာခြင်းကို အမြန်ဆုံး‌ဆောင်ရွက်၍ ပြန်လည်တည်ပြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြေအောက်ရေကို လုံလောက်စွာ ထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိပါကလည်း ‌လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက် လျှပ်စစ်ဖြင့် ရေတင်ခြင်း၊ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဖြင့် ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေးအတွက် တွက်ချက်ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ကို ပြန်လည်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ သစ်တောသယံဇာတများကို အလွန်အမင်းထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

စစ်တွေမြို့အတွင်းရှိ ပြည်သူများ၏ နေ့စဥ်နှင့်နှစ်စဥ် ပျှမ်းမျှသုံးရေလိုအပ်ချက်ပမာဏ၊ သုံးရေလိုအပ်ချက်အတွက် ကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့၊ ဆက်ရိုးကျရေစုကန်အစုအဖွဲ့တို့ဖြင့် မိုးရေကိုသိုလှောင်၍ ရေပေးဝေရေးဆောင်ရွက်လျက်ရှိသည်။

နှစ်စဥ်မိုးရွာသွန်းမှုအခြေအနေများနှင့် ရေသိုလှောင်နိုင်မှုမှာ ၂၀၁၇ ခုနှစ်မှစ၍ မိုရေချိန်ရရှိမှုနည်းလာခြင်း၊ မြို့နေလူဦးရေတိုးပွားလာခြင်းတို့ကြောင့် ရေပေးဝေရေးတွင် လိုအပ်ချက်များဖြစ်ပေါ်လျက်ရှိပြီး ရေလှောင်ကန်တိုးချဲ့ခြင်းနှင့် ရေစုကန်များအတွင်းသို့ ခမီကြိမ်ချောင်းရေလှောင်တမံမှ ရေသွယ်တန်းဖြည့်တင်းခြင်းနည်းလမ်းအပါဝင် အခြားနည်းလမ်းများဖြင့် ရေရရှိရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News