၁. ၃. ၂၀၂၃
Written by Peya

ပထမ၊ ဒုတိယနှင့် တတိယ ရပါက အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မည့် ၂၀၂၄ အာရှအမျိုး သမီး ယူ-၂၀ ပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း၏ လူစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်းသုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ပဏာမ ကစားသမား ၃၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အပြီးသတ် ကစားသမား ၂၃ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် နေပြည်တော်တွင် ကျင်းပခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် မတ်လ ၈ ရက်မှ ၁၂ ရက်ထိ ကမ္ဘောဒီးယား၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News