
၁.၅.၂၀၂၆
Written by KL
ဘေးအိမ်ကို ရေပေးသည့် အစ်မအရင်းကို မောင်ဖြစ်သူက ပေါက်တူးဖြင့် ထုရိုက်သတ်ဖြတ်မှု ဧပြီလ ၃၀ ရက် ည ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာ၊ စက်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ အသက် ၅၆ နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်မြဝင်းက ဘေးချင်းကပ်နေအိမ်ကို ရေပိုက်ဖြင့် ရေပေးသည့်အပေါ် အသက် ၅၁ နှစ်အရွယ် မောင်ဖြစ်သူ ဦးကျော်ကျော်(ခ)မောင်ကျော်က မကျေနပ်သဖြင့် မောင်နှမချင်း စကားများရာမှ အစ်မဖြစ်သူ၏ ဦးခေါင်းကို ပေါက်တူးဖြင့်ထုရိုက်ခဲ့ကြောင်း သိရသည်။
အရိုက်ခံရသော အစ်မဖြစ်သူ ဒေါ်မြဝင်း၏ ဦးခေါင်းဘယ်ညာဂျို(ချို)စောင်းတွင် ကြေမွဒဏ်ရာရရှိကာ နေရာတွင်ပင် သေဆုံးခဲ့သည်။
အစ်မအရင်းကို ပေါက်တူးဖြင့် ရိုက်သတ်မှုနှင့်ပတ်ကျုးလွန်သူ မောင်အရင်းဖြစ်သူ ဦးကျော်ကျော် (ခ)မောင်ကျော်ကို တံတားနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဧပြီလ ၂၉ ရက် ညပိုင်းကလည်း ကျောက်တန်းမြို့နယ်၊သီတာမြိုင်ရပ်ကွက်၊ဒေါ်ညွန့်စိန်လမ်းရှိ လူနေအဆောင်လိုင်းခန်းတွဲရှေ့၌ အပေါ့သွားသည့်ကိစ္စဖြင့် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ အပေါ့သွားသူ အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။
