


၁.၅.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေအိမ်တွင် ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် မကတ်သရင်းနာဖြစ်ပြီး ၅ တန်းကျောင်းသူဖြစ်ကာ ကြိုးဆွဲချသေဆုံးရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။
“အသက် ငယ်ငယ်လေးနဲ့ ဘယ်လိုဖိအားတွေကြောင့် ရွေးချယ်လိုက်ရတာလဲ၊ စိတ်မကောင်းဘူး”ဟု တာချီလိတ်ဒေသခံတစ်ဦးကဆိုသည်။
သေဆုံးသူ၏ရုပ်အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင် ပို့အပ်ခဲ့ပြီး မေလ ၁ ရက် မွန်းလွဲ ၁ နာရီက လွယ်စတုံ ဆုတောင်းတောင် ခရစ်ယာန်သုသာန်တွင် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်း (တာချီလိတ်)ထံမှ သိရသည်။
