
သက်တံ့
၂. ၅. ၂၀၂၆
ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ပါကစ္စတန်ရေတပ်သည် တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သည့် Hangor-Class တိုက်ခိုက်ရေးရေငုပ်သင်္ဘောများအနက် ပထမဆုံးတစ်စင်းကို လက်ခံရရှိခဲ့သည်။
ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်အရ PNS/M Hangor ဟု အမည်ပေးထားသည့် အဆင့်မြင့်ရေငုပ်သင်္ဘော၏ တပ်တော်ဝင်အခမ်းအနားကို ပြီးခဲ့သည့် ကြာသပတေးနေ့က ဟိုင်နန်ကျွန်းရှိ တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီနှင့် ရေတပ်ဦးစီးချုပ် နာဗိဒ် အက်ရှ်ရပ်ဖ်တို့သည် နှစ်နိုင်ငံရေတပ်မှ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဇာဒါရီက ဤရေငုပ်သင်္ဘောအား တပ်တော်ဝင်နိုင်ခြင်းသည် ပါကစ္စတန်ရေတပ် ခေတ်မီလာစေရန် လုပ်ဆောင်ရာတွင် “သမိုင်းမှတ်တိုင်သစ်” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ ပင်လယ်ရေကြောင်းအကျိုးစီးပွားကို စောင့်ရှောက်ရန်နှင့် စီးပွားရေးလမ်းကြောင်းများ ဘေးကင်းလုံခြုံစေရန်အတွက် “ခိုင်မာ၊ မျှတပြီး ယုံကြည်စိတ်ချရသော ကာကွယ်ရေးအနေအထား” ကို ထိန်းသိမ်းထားမည့် အစ္စလာမ္မာဘတ်၏ သန္နိဋ္ဌာန်ကို ထင်ဟပ်စေကြောင်း ဆိုသည်။
ထို့အတူ ရေတပ်ဦးစီးချုပ် အက်ရှ်ရပ်ဖ်ကလည်း အရေးပါသော ပင်လယ်ရေကြောင်း လမ်းကြောင်းများတွင် အနှောင့်အယှက်ဖြစ်ပေါ်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စွမ်းအင်လုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာနေကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် တည်ငြိမ်ပြီး စည်းမျဉ်းအခြေခံသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အစီအစဉ်ကို ထိန်းသိမ်းရန်အတွက် “နည်းပညာမြင့်မားသော ရေတပ်အင်အားစုများ” လိုအပ်သည်ဟု ၎င်းက ဆိုခဲ့သည်။
Ref: SCMP
